You are here

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် သောကြာနေ့တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက် အငယ်ဆုံးဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ ဖြစ်သည်။ ဆင်းရဲသော ကျေးလက် မိသားစုဘဝတွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေး ထောက်ပံ့မှုဖြင့် ပညာရေးကို ကြိုးစားသင်ယူခဲ့သည်။

 

မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာ ဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများ ဆင်ရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက (၁) ပုသိမ်နှင့် ပြင်ခရိုင် ချောင်းဝ အလယ်တန်း ကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက (၁) ပုသိမ်တွင် တက်ရောက် သင်ကြားခဲ့သည်။ (၁၀) တန်း (ယခုအခေါ် တက္ကသိုလ် ဝင်တန်း) အား သင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ဝင်ခွင့် ဖြေဆို အောင်မြင် ခဲ့သည်။

 

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ အပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A (DSA) ဘွဲ့အား အောင်မြင်ခဲ့သည်။ စစ်တက္ကသိုလ်မှ သင်တန်း ဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၈ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီး အဆင့်ဖြင့် လည်းကောင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ဒေါ်ခင်ခင်ဝင်းနှင့် အိမ်ထောင်ပြုပြီး သမီး (၃) ဦး ထွန်းကားခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ ရယူပြီးနောက် တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။

 

စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် နတခနှင့် ကက (ကြည်း) တွင် လည်းကောင်း ၁၉၉၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ကို ချီးမြှင့်ခြင်း ခံရသည်။ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ ဖွင့်လှစ်သည့် အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ (၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။

 

၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ်မှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး ရရှိခဲ့သည်။

 

၂၀၀၁ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စစ်ရေးချုပ် တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၂) တာဝန်နှင့် ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး (၁) တာဝန် များအား ထမ်းဆောင်ခဲ့သည်။

 

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာပြီး၊ အောက်တိုဘာလတွင် တရားဝင် ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ်ခံ ပြည်သူများထံ အစိုးရအကြီးအကဲ များထဲမှ ပထမဆုံးသွားသူဖြစ်ပြီး အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။

 

၂၄-၄-၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့် အနိုင်ရရှိပြီး သမ္မတ ဖြစ်လာခဲ့သည်။

 

၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ အနာဂတ် ဆောင်ရွက်ချက်များ အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

 

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများ၏ ဆန္ဒဖြင့် ၎င်း၏အစိုးရသက်တမ်း ကာလအတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ ကတိပြုပြောကြားခဲ့ပြီး မြစ်ဆုံစီမံကိန်း ဆောင်ရွက်နေမှုများကို အမှန်တကယ် ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့ပါသည်။

 

သံတမန် ဆက်ဆံရေး အေးစက်နေခဲ့သော မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

 

ထို့ပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက် အိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သကဲ့သို့ နိုင်ငံတော်သမ္မတ သည်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မေလတွင် တစ်ကြိမ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။

 

၂၀၁၁ ခုနှစ် မေလ ၁၆ ရက်၊ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နှင့်၁၂ ရက်၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်၊ မေလ ၁၇ ရက်နှင့် ဇူလိုင်လ ၂၃ ရက်တို့တွင် ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသား ပေါင်းများစွာ တို့အား နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ရရေးအတွက် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

 

သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ယခင်ကုန်သွယ်မှုကောင်စီကို ဖျက်သိမ်းခြင်း၊ ပို့ကုန် အခွန်ကောက်ခံမှု ရာခိုင်နှုန်းလျော့ချခြင်းမှ လုံးဝကင်းလွတ်ခွင့် ပေးခဲ့ခြင်း အငြိမ်းစား ဝန်ထမ်းတို့၏ ပင်စင်လစာအား ခေတ်ကာလနှင့်အညီ ဖြစ်အောင် တိုးမြှင့် ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ကြာမြင့်ယာဉ်များအား ပယ်ဖျက်၍ မော်တော်ယာဉ်များ တင်သွင်းခွင့်ကို အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့သည်။

 

၂၀၁၂ ဧပြီလ ၂၆ ရက်နေ့တွင် TIME မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမှတ်စဉ် ၆၇ တွင် ရွေးချယ်ဖော်ပြခံရသည်။ ၎င်းအပြင် TIME မဂ္ဂဇင်း၏ Special Report အဖြစ် ရေးသားဖော်ပြခြင်း ခံခဲ့ရသည်။

 

မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်အား တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

 

အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းက ၂ဝ၁၂ ခုနှစ် အတွက် ‘ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် ၁ဝဝ’ 100 Global Thinkers စာရင်းကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ပူးတွဲပထမ ရရှိခဲ့သည်။

 

The Inter-national Crisis Group က ၂၀၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award ကို မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်ခဲ့သည်။

 

မြန်မာနိုင်ငံသမ္မတ ဦးသိန်း စိန်ကို The Straits Times သတင်းစာက Asian of the Year အဖြစ် ရွေးချယ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

 

သမ္မတသက်တမ်း တစ်ဝက်ကျော် ကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့ပေးသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီး ဥရောပ သမဂ္ဂမှလည်း လက်နက်ရောင်းဝယ်မှုမှအပ ကျန်ပိတ်ဆို့မှု အလုံးစုံကို ဆိုင်းငံ့ ပေးခြင်းဖြင့် ပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်း ပေးခဲ့ပြီး တင်းပြည့် ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကြိုတင်သတ်မှတ်ချက် မထားဘဲ စေ့စပ် ညှိနှိုင်းရေး မူဝါဒဖြင့် ဆောင်ရွက်ခဲ့ရာ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် သဘော တူညီချက်ပေါင်း ၃၇ ခု ချုပ်ဆိုနိုင်ခဲ့ပြီး မကြာခင်ကာလတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးန်ိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် စသည့် နိုင်ငံတကာမှ ဩဇာရှိ ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ခေတ်အဆက်ဆက်က တင်ရှိနေသော နိုင်ငံခြားကြွေးမြီများအနက်မှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော် ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေများ ကိုလည်း ရရှိတော့မည် ဖြစ်သည်။

 

 

www.president-office.gov.mm
This is the official website of Myanmar President Office