You are here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းမြင့်၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အထူး လေယာဉ်ဖြင့် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်အတူ လားရှိုးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့သို့ ရောက်ရှိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် နှင့် အဖွဲ့ဝင်များသည်  ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့် နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်နှင့် မြို့ဟောင်း ရပ်ကွက်တို့၌  လူနေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။

 

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြို့မဂိုဏ်းချုပ် ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော ဆရာတော် များအား ဖူးမြော်ကြည်ညိုကာ အဆိုပါ ကျောင်းတိုက်ရှိ မီးဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက မီးဘေးသင့်ပြည်သူများအတွက် ဗုဒ္ဓရုပ်ပွားတော်များ၊ ထောက်ပံ့ ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များနှင့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် သာသနာ့ဟိတကာရီဓမ္မာရုံ၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ ဆေးကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ နမ့်ဆန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။

 

နမ့်ဆန်ခရီးစဉ်တွင် နိုင်ငံတော်သမ္မတက မီးဘေးသင့်ပြည်သူများ လတ်တလော ရှင်သန်ရပ်တည် နိုင်ရေး အတွက်လိုအပ်သည့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ယာယီနေထိုင်ရန် နေရာများကို အမြန်ဆုံး ဖြည့်ဆည်းပေးရန်၊ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် တပ်မတော်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ဆောင်ရွက်ပေးနေပြီ ဖြစ်သည့်အတွက် ရောက်ရှိလာသည့်ပစ္စည်းများကို စနစ်တကျ လက်ခံထိန်းသိမ်း ဖြန့်ဝေပေးရန်၊ စာမေးပွဲနီးကပ်နေသည့် ကျောင်းသူ ကျောင်းသား များအတွက် ကျောင်းသုံး စာအုပ်လိုအပ် ချက်များကို ဖြည့်ဆည်းပေးသည့်အပြင် ဆရာ၊ ဆရာမ များမှလည်း အချိန်ပိုသင်ကြားပို့ချပေးရန်၊ မီးကြွင်းမီးကျန်များ ငြှိမ်းသတ်နိုင်ရေး အတွက် အခြားဒေသများမှ ရောက်ရှိလာသည့် မီးသတ်ယာဉ်များဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ မီးလောင် ကျွမ်းမှုဖြစ်စဉ်မှ သင်ခန်းစာဖော်ထုတ်ပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးဘေးသင့်ပြည်သူများ၏ လူမှုစီးပွားဘ၀ ပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရတို့မှ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် စာရင်းဇယားများ မှန်ကန်ပြည့်စုံအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ရပ်ကွက်(၆)ခု ၊ အိမ်ခြေ (၇၉၁) လုံး၊ အိမ်ထောင်စု(၈၇၁)စုရှိပြီး ယမန်နေ့ မွန်းလွဲ(၁) နာရီခန့်မှ ယနေ့နံနက်(၆) နာရီခန့်အထိ မင်္ဂလာရပ်ကွက်နှင့် မြို့ဟောင်းရပ်ကွက်တို့တွင် မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချိန်အထိ ကောက်ယူရရှိသည့် စာရင်းအရ အိမ်ခြေ (၂၈၀)၊ အိမ်ထောင်စု(၃၀၀)မှ လူဦးရေ (၁၅၀၀)ကျော် မီးဘေးသင့်ခဲ့သည်။

 

အဆိုပါ မီးလောင်မှုကို နမ့်ဆန်မြို့နယ်မှ မီးသတ်ယာဉ် ၄ စီး၊ မန္တလေးမြို့နယ်မှ မီးသတ်ယာဉ် ၆ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁ စီး၊ မန်တုံမြို့နယ်မှ မီးသတ်ယာဉ် ၂ စီး၊ လားရှိုးမြို့နယ်မှ မီးသတ်ယာဉ် ၄ စီး၊ ကျောက်မဲမြို့နယ်မှ မီးသတ်ယာဉ် ၁ စီး၊ သီပေါမြို့နယ်မှ မီးသတ်ယာဉ် ၂ စီး၊ နမ္မတူမြို့နယ်မှ မီးသတ်ယာဉ် ၁ စီး၊ မန်စံမြို့နယ်မှ မီးသတ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၂၁ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ပူးပေါင်းငြိမ်းသတ်ခဲ့ခြင်းဖြစ်ပြီး  ယခုအခါ မီးကြွင်းမီးကျန်များ ဆက်လက် ငြှိမ်းသတ်လျက်ရှိသည်။

 

အဆိုပါမီးလောင်သည့် ရပ်ကွက်များအတွက် နိုင်ငံတော်အစိုးရအဖွဲ့မှ ဆန်အိတ် တစ်ထောင်၊ မီးဘေးသင့်အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးသိန်းနှင့် ဆယ်တန်း ကျောင်းသားတစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် နိုင်ငံတော်သမ္မတခရီးစဉ်တွင် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office