You are here

နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က (၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က (၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

(၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျား-

 

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ဗြိတိသျှကိုလိုနီ အစိုးရနှင့် ဆွေးနွေးနေစဉ် ရှမ်းပြည်လူထု ခေါင်းဆောင်များက ဦးဆောင်ပြီး တောင်တန်းနှင့်ပြည်မ အတူတကွ လွတ်လပ်ရေးရရှိလိုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ထိုသို့ တောင်တန်းနှင့်ပြည်မ အတူတကွ လွတ်လပ်ရေးရယူနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ် ပင်လုံမြို့တွင် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ထို့နောက် ပြည်မနှင့် အတူတကွ ပူးပေါင်းပြီး ကိုလိုနီနယ်ချဲ့ထံက လွတ်လပ်ရေးရယူမည်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။ ယင်းသို့ ဆုံးဖြတ်ချက် ချမှတ် နိုင်ခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် “ရှမ်းပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ကျင်းပ လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၉) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

 

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကဏ္ဍ အလိုက် ဆောင်ရွက်လျက် ရှိရာ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ လိုလား တောင့်တသည့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်ကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

 

ယင်းသဘောတူစာချုပ်ကိုအခြေခံပြီး နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်ကို အစပြု အကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပါသည်။

 

အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အလျောက် ရရှိပြီး တည်ငြိမ် အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို တိုင်းရင်းသား ပြည်သူများအားလုံးက နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်သွားကြရန် လိုအပ်ပါသည်။

 

သို့ဖြစ်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာတွင် ရှမ်းပြည်နယ် အတွင်း ရရှိထားပြီးသော တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများနှင့် အတူ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးက စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်း ညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ လိုက်ပါသည်။

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office