You are here

(၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး တက်ရောက်

(၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျောက်တိုင်ကွင်းခန်းမ၌ ကျင်းပသည့် (၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၂) ပါး ဖြစ်သည့် လွိုင်လင်မြို့ သာသန ဝိပုလ္လဓာတ်တော်ကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒနှင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒ၊ ပြည်နယ်အဆင့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူကြသည့် အောက်စဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိနှင့် ဟိုပုံးမြို့ နောင်းတောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးပညာရေးသင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒသီရိတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ထပ်ဆင့် ဂုဏ်ထူးဆောင် လက်မှတ်များ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှ (၆၉) နှစ်မြောက် ရှမ်းပြည်နယ် နေ့ အခမ်းအနားသို့ ပေးသို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်နယ်ဝန်ကြီးချုပ်၏ (၆၉) နှစ်မြောက် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားကြသည်။

 

ဆက်လက်၍ ၂၀၁၅ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိခဲ့ကြသူများအား ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ရာတွင် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်လုပ်ငန်းရှင်ဆု ပထမဆု၊ အကျိုးအမြတ် ရယူသော ထူးချွန်စီးပွားရေးအသင်းအဖွဲ့ဆု၊ ပို့ကုန် ထူးချွန်လုပ်ငန်းရှင်ဆု ရရှိကြသူ များကို လည်းကောင်း၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဝန်ဆောင်မှုထူးချွန် အလတ်စားစီးပွားရေး လုပ်ငန်းရှင်ဆု၊ စွမ်းဆောင်မှု အကောင်းဆုံး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဆု၊ စိုက်ပျိုးထုတ်လုပ်မှုထူးချွန် တောင်သူလယ်သမားဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက မွေးမြူ ထုတ်လုပ်မှု ထူးချွန်လူပုဂ္ဂိုလ်ဆု၊ အများပြည်သူများ ဘေးအန္တရာယ်ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင် စွမ်းဆောင်သူ (ပုဂ္ဂိုလ်ရေးဆိုင်ရာဆုများ) ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ရှမ်းပြည်နယ်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၌ ထူးချွန်စွာ ဆောင်ရွက် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ပေးအပ် ချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ် အဆင့် လူမှုထူးချွန်ပထဆု ရရှိကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်နှင့် သမဝါယမဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့ကိုယ်စား တာဝန်ရှိသူ တစ်ဦးအား လည်းကောင်း၊ ပြည်နယ်အဆင့် လူမှုထူးချွန် တတိယဆုရရှိသည့် အေးရှားဝေါလ် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် ကိုယ်စား တာဝန်ရှိသူ တစ်ဦးအား လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်မှ တောင်တန်း လူငယ် လူမှု ကူညီရေးအသင်းနှင့် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှ စေတနာမွန် လူမှုကူညီရေး အသင်းတို့အား လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာ မှတ်တမ်း ပြခန်းငယ်များအား လိုက်လံကြည့်ရှုကြသည်။

 

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် တောင်ကြီးမြို့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မင်္ဂလာ မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် မင်္ဂလာ မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ ဗုဒ္ဓတက္ကသိုလ် မင်္ဂလာကမ္ပည်းမော်ကွန်းကျောက်စာကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဆရာတော်၊ သံဃာတော် များနှင့်အတူ ကမ္ပည်း မော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။

 

ထို့နောက် ရေစက်ချအောင်ပွဲမင်္ဂလာကိုကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်မြတ်တို့ ရွတ်ပွားတော်မူသည့် မေတ္တသုတ် ပရိတ် တရားတော်များကို နာယူကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

 

ယင်းနောက် အလှူရှင်များကိုယ်စား ဒုတိယသမ္မတနှင့် ဇနီးတို့က ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဘဒ္ဒန္တ ဓမ္မသာမိထံ လက်ရောက် လှူဒါန်းကြသည်။

 

ဆက်လက်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့်ဇနီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် တောင်ကြီးမြို့ အေးစေတီ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိကြပြီး ဆရာတော် သံဃာတော်များအား သိက္ခာထပ် သိမ်ဆင်းလောင်းလှူ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ဆက်လက်၍ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာသို့ ရောက်ရှိကြကာ မိုင်းဖုန်း ဆရာတော် အရှင်ဘဒ္ဒန္တ ဉာဏသံဝရမထေရ် အမှူးပြုသည့် ဆရာတော် သံဃာတော်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

 

ထို့နောက် ဒုတိယသမ္မတသည် တောင်ကြီးဟိုတယ်၌ တိုင်းရင်းသားရိုးရာ၊ စာပေ၊ ယဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဒုတိယသမ္မတက ယနေ့ကျရောက်သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနား တွင် ယခုကဲ့သို့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခွင့်ရ၍ ဝမ်းမြောက်ပါကြောင်း၊ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်ကြသည့် ပြည်နယ် တစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်းကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း။

 

ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့က အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အရည်အချင်း ရှိပါက မည်သည့်နေရာတွင်မဆို တာဝန်ယူ ဆောင်ရွက်နိုင်ကြမည်ဖြစ်ရာ မိမိတို့ အရည်အချင်းကို စဉ်ဆက်မပြတ် မြင့်မား တိုးတက်လာစေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား ရိုးရာ စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်များအား ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့ ခေတ်မီ အဆင့်မြင့် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များအပေါ် ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း မှာကြားပြီး စီမံကိန်း ဧရိယာအတွင်းရှိ အဆောက်အအုံများ တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ညပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် (၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြ သည်။

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office