You are here

သဝဏ်လွှာပေးပို့ခြင်း

သဝဏ်လွှာပေးပို့ခြင်း

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

                                 စာအမှတ်၊    ၁၀၇ (  ၁  ) / ၈/ သမ္မတရုံး

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

သို့

    နာယက

    ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ။      သဝဏ်လွှာပေးပို့ခြင်း

၁။ ယနေ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ စတင် ကျင်းပသည့် နေ့ရက်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများကိုယ်စား အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ပြီးခဲ့သော ငါးနှစ်တာ ကာလအတွင်း အောင်မြင်မှုများကြောင့် လက်ရှိအခြေအနေတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်များ ချမှတ်နိုင်ခဲ့ပြီး ဒီမိုကရေစီ ထွန်းကားရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေနပ်အားရဖွယ်ရာ အလားအလာ ကောင်းများဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

၃။ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် ဒီမိုကရေစီ ထွန်းကားရေးနှင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူများနှင့် အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဥပဒေများ အသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်းတို့ ဆောင်ရွက်ကြရာ၌ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိသစ္စာပြုထားသည့် အလျောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရေး အလေးထား ဆောင်ရွက်ကြမည်ဟု မျှော်လင့် မိပါသည်။

၅။ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံး၏ အကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက် သွားနိုင်ကြပါစေကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မြှင့်တင် ဆောင်ရွက် နိုင်ကြပါစေကြောင်းနှင့် မိမိတို့အားလုံး မျှော်မှန်းထားသော အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်သို့ အမြန်ဆုံး လျှောက်လှမ်းနိုင်စေရန် ပံ့ပိုးကူညီဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ 

 

 

                                                                                         သိန်းစိန်        

နိုင်ငံတော်သမ္မတ

 

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office