You are here

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (တောင်ကြီး) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး) ဥက္ကဋ္ဌ ဒေါက်တာ ဦးကြည်စိုးနှင့် တာဝန်ရှိသူများက (၁၆) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးနှင့် ဆေးပစ္စည်း ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပေးနေသည်များကို ရှင်းလင်း ပြောကြားလိုကြောင်း၊ ကျန်းမာရေး ကဏ္ဍ အသုံးစရိတ်သည် ၂ဝ၁၁ ခုနှစ်တွင် ကျပ် ၈၆ ဒသမ ၅၈ ဘီလီယံရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ကျပ် ၈၁၄ ဒသမ ၃၇ ဘီလီယံအထိ ရှိလာခဲ့ကြောင်း၊ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီစေရန်အတွက် လွန်ခဲ့သည့် ငါးနှစ်အတွင်း၌ ဆေးရုံ ၂၂၅ ရုံ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဆေးရုံ ၁ဝဝကို အဆင့် မြှင့်တင်ပေးခဲ့ကြောင်း၊ အလားတူ ခရိုင်၊ မြို့နယ် ကုသရေးဆေးရုံ ၄၂၁ ရုံကို အသစ် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သကဲ့သို့ ကျေးလက်ကျန်းမာရေးဌာန ၂၂၅ ခု၊ တိုင်းရင်း ဆေးရုံ ၄၄ ရုံ၊ သူနာပြုသားဖွားကျောင်း ကိုးကျောင်းကို အသစ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။

 

ဆေးပညာလောက၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးရန်နှင့် အသိပညာများကို မျှဝေရန်၊ နောက်ဆုံး ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် ထပ်မံ ပေါ်ပေါက်လာမည့်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေး ယခုညီလာခံတွင် ဆွေးနွေး တိုင်ပင်ကြရန်ဖြစ်ကြောင်း၊ ရှေ့လာမည့် ကာလ များတွင် ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးများ တိုးတက်လာစေရန် မည်သို့ လုပ်ကိုင်ဆောင်ရွက်မည် နည်းဟူသည့် အချက်ကို ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ဆေးပညာ လောကအတွက် နောက်ဆုံးပေါ် စိန်ခေါ်မှုများဖြစ်သည့် ဆားစ်ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်နှင့် ယခုမျက်မှောက်ကာလတွင် ဖြစ်ပေါ်လျက် ရှိသည့် ဇီကာ ဗိုင်းရပ်စ် စသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ယခုညီလာခံတွင် နည်းလမ်း ရှာဖွေ ဆွေးနွေးမည်ဟု မျှော်လင့်ကြောင်း။

 

နိုင်ငံအလိုက် လူဦးရေ၊ ယဉ်ကျေးမှုများ ကွဲပြားခြားနားသကဲ့သို့ မတူကွဲပြားသည့် ဆေးဝါး ကုသမှု စနစ်ပုံစံများ ရှိနေကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းမှာ မြို့ပြတွင် နေထိုင်ကြသူ များ ဖြစ်ပြီး ၇ဝ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသနေ ပြည်သူများ ဖြစ်ကြကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဆရာဝန်အင်အား ဖြန့်ကြက်မှုမှာ သုံးသောင်း ငါးထောင်ကျော်သာ ရှိသေးသည့်အတွက် ဆရာဝန်များ ပိုမိုမွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ဆေးခန်းမရှိ၊ ဆရာဝန်၊ ဆရာမ မရှိသည့် ကျေးလက်ဒေသများ၌ ပြည်သူ တို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမို ကောင်းမွန်လာစေရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ဆွေးနွေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄ဝဝဝ ကျော်ရှိရာ တစ်ရွာလျှင် ကျန်းမာရေးကျွမ်းကျင်သူ တစ်ဦးနှုန်းနီးပါး ရှိနေမည် ဆိုပါက ပိုမို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ တွေ့ကြုံ ရမည့် ပြဿနာအရပ်ရပ်ကိုလည်း ညှိနှိုင်းဖြေရှင်းနည်းဖြင့် ပူးပေါင်းဆွေးနွေးနိုင်သည့် ယဉ်ကျေးမှု ရှိလာစေရန် ကြိုးပမ်းကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးရဲမြက အမှာစကား ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတသည် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်လာကြသူများအား ရင်းနှီးစွာ နှုတ်ဆက်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တောင်ကြီး ဆေးတက္ကသိုလ်သို့ ရောက်ရှိကြပြီး ဆေးတက္ကသိုလ်အတွင်းရှိ ရုက္ခဗေဒ ဓာတ်ခွဲခန်း၊ သတ္တဗေဒ ဓာတ်ခွဲခန်း၊ ဓာတုဗေဒဌာနနှင့် ဓာတ်ခွဲခန်း၊ ရူပဗေဒဌာနနှင့် ဓာတ်ခွဲခန်း၊ စာသင်ခန်းမဆောင်များ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ဒုတိယသမ္မတသည် တောင်ကြီးဆေးတက္ကသိုလ် ခန်းမဆောင်၌ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာဝင်းဌေးအောင်က ဆေးတက္ကသိုလ်၏ တည်နေရာနှင့် အကျယ်အဝန်း၊ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ကျောင်းတွင်း သင်ကြားမှုဆိုင်ရာ အဆောက်အအုံနှင့် အထောက်အကူပြု ပစ္စည်းများ လိုအပ်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တောင်ကြီး ဆေးတက္ကသိုလ် ပေါ်ပေါက်လာစေရန်အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ဆေးပညာဘာသာရပ် တက်ရောက် သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်ချက်များ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက် စေရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များတွင် အဆင့်မီသည့် ဆေးတက္ကသိုလ်တစ်ခု ဖြစ်လာစေရန် ဆရာ ဆရာမများ လိုအပ်ချက်အပေါ် ဖြည့်ဆည်း ကူညီပေးရေး၊ ပညာသင်ကျောင်းသားများ ကောင်းမွန်စွာ ပညာသင်ယူနိုင်ရေး အတွက် နေထိုင်သွားလာရေးကိစ္စရပ်များ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်သည့် ဆရာဝန်များ မွေးထုတ်ပေးနိုင်စေရေးနှင့် ပြည်သူလူထုအတွက် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးအပ်နိုင်ရန် ကျောင်းသား ကျောင်းသူများအနေဖြင့် မျှော်မှန်းချက် မြင့်မားစွာထား၍ ဆောင်ရွက်သွားရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အသေးစိတ်မှာကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် တောင်ကြီးဆေးတက္ကသိုလ် ဧည့်ဆောင် အဆောက်အအုံ (လေးခန်းတွဲ သုံးထပ်)၊ အမျိုးသမီးဆောင် အဆောက်အအုံ (၂၄ ခန်းတွဲ ငါးထပ်) များ ဆောက်လုပ် ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အေးသာယာမြို့၌ မင်းကျန်စစ်အုပ်စု ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် အေးသာယာပြည်သူ့အိမ်ရာ စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ အိမ်ရာများ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ တိုက်ခန်းများ ပြန်လည် ရောင်းချပေးမည့် အစီအမံများ၊ လက်ရှိ ဆောင်ရွက်နေဆဲ လုပ်ငန်းဆိုင်ရာများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စီမံကိန်းဧရိယာအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office