You are here

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရေး၊ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်း နေထိုင်ရေး၊ ရရှိထားပြီးဖြစ်သည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နိုင်ငံသားအားလုံး အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်ရေး၊ တိုင်းပြည်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသား အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေးဟူသည့် အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အနှစ်သာရ ပြည့်ဝစွာကျင်းပသည့် ၂ဝ၁၆ ခုနှစ် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ တက်ရောက်ကြသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် စုရပ်အသီးသီးမှ နံနက် ၅ နာရီမှစတင်ထွက်ခွာ၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူ ကြသည်။

 

ထို့နောက် နံနက် ၅ နာရီခွဲတွင် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနား ကို ကျင်းပရာ တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ အလံတင်အဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်တင်သည်။

 

ဆက်လက်၍ (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေး ပြုခြင်းအခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့သည် မြို့တော်ခန်းမ ဥပစာ ရင်ပြင်သို့ ချီတက်နေရာယူသည်။

 

ယင်းနောက် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမ ဥပစာ ရင်ပြင်စင်မြင့်ပေါ်၌ နေရာ ယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။

 

ထို့နောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂ဝ၁၆ ခုနှစ် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော် တရား သူကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း အင်အား ၂၃၂ဝ တက်ရောက်ကြသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office