You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာဆီယံစီးပွားရေး အသိုက်အဝန်း မြှင့်တင်မှုနှင့် စွန့်ဦး တီထွင်မှု ဆိုင်ရာ “Promoting an innovative, Enterpreneurial ASEAN Economic Community” သို့ တက်ရောက်

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာဆီယံစီးပွားရေး အသိုက်အဝန်း မြှင့်တင်မှုနှင့် စွန့်ဦး တီထွင်မှု ဆိုင်ရာ “Promoting an innovative, Enterpreneurial ASEAN Economic Community” သို့ တက်ရောက်

Printer-friendly versionSend by email

 

ကယ်လီဖိုးနီးယား ဖေဖော်ဝါရီ ၁၅

အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမပိုင်း အစီအစဉ် ဖြစ်သည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွင်း စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှု တိုးမြှင့်စေခြင်း ဆွေးနွေးပွဲ (Promoting an innovative, Entrepreneurial ASEAN Economic Community) ကို ဖေဖော်ဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၅ မိနစ်တွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့ရှိ Sunnylands ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်သည်။

 

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ညနေ ၃ နာရီတွင် အာဆီယံခေါင်းဆောင်များနှင့်အတူ Sunnylands သို့ ရောက်ရှိရာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။

 

အဆိုပါအစည်းအဝေးသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအို ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ကျူမာလီ ဆိုင်ညဆွန်၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန် ဟာဂျီဟာ ဆန်နယ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒေါင်လာ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ ဘီနစ်ဂ်နို အကွီနို၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ မစ္စတာဂျိုကိုဝီဒိုဒို၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ခ် ဟွန်ဆန်၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ငုယင်တန်ဇွန်း၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ ဟာဂျီမိုဟာမက်နာဂျစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီလျောင်မင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ ကျူမာလီ ဆိုင်ညဆွန်က အဖွင့် အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ အမေရိကန်သမ္မတနှင့် အာဆီယံနိုင်ငံများမှ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲ များက တီထွင်ဆန်းသစ်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် ဒေသတွင်း ကြွယ်၀ ချမ်းသာမှုကို တိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြသည်။

 

ထို့နောက် လာအိုနိုင်ငံသမ္မတနှင့် အမေရိကန်သမ္မတ တို့က နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ယခု ထိပ်သီးအစည်းဝေးကို အမေရိကန်နိုင်ငံတွင် ပထမဆုံး ကျင်းပနိုင်သည့်အခြေအနေမှတစ်ဆင့် အမေရိကန် အာဆီယံ ဆက်ဆံရေးကို ပိုမို တိုးမြှင့်နိုင်ရေး၊ တစ်ခုတည်းသော အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် အပြည့်အဝ ပါဝင်နိုင်ရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ပေါ်ပေါက်လာသည့် အခွင့်အလမ်းများကို အသုံးပြုပြီး အခြားအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနည်းတူ နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ထိုသို့ တန်းတူယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများသို့ ပေးအပ်သည့် အထူးအခွင့်အရေး Generalized System Preference (GSP) များ ပေးအပ်ခြင်းနှင့် ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

ထို့ပြင် ဒုတိယသမ္မတက အမေရိကန်သမ္မတ ဘားရက် အိုဘားမားအဆိုပြုသည့်အမေရိကန်-အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး US- ASEAN Connect အစီအစဉ်ကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် လည်းကောင်း ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

 

ယနေ့အစည်းအဝေးတွင် အမေရိကန် အမှုဆောင် အရာရှိချုပ်များဖြစ်ကြသည့်Mr. Staya Nadella (CEO, Microsoft) ၊ Mrs.Ginni Rometty (CEO, IBM) နှင့် Mr. Chuck Robbins (CEO, CISCO System) တို့က ဒစ်ဂျစ်တယ်နည်းပညာဖြင့် အစိုးရနှင့်စီးပွားရေး လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် တီထွင်ဆန်းသစ်နိုင်စွမ်းများကို မြှင့်တင်နိုင်မည့်အလားအလာများအား ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့ကြသည်။

 

ညပိုင်းတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အာဆီယံနိုင်ငံများမှ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခေါင်းဆောင်များအား တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

 

 

 

 

 

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office