You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာရှ-ပစိဖိတ်ဒေသကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းနိုင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာရှ-ပစိဖိတ်ဒေသကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းနိုင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်

Printer-friendly versionSend by email

ကယ်လီဖိုးနီးယား ဖေဖော်ဝါရီ ၁၆

 အမေရိကန်-အာဆီယံ ခေါင်းဆောင်များထိပ်သီးအစည်းအဝေး ဒုတိယပိုင်း အစီအစဉ် ဖြစ်သည့် အာရှ-ပစိဖိတ်ဒေသကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းနိုင်ရေးဆွေးနွေးပွဲ (Protecting Peace, Prosperity and Security in the Asia-Pacific) ကို ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့ Historic Residence ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်သည်။

 

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အစည်းအဝေးတက်ရောက်ရန် နံနက် (၉) နာရီတွင် Historic Residence သို့ ရောက်ရှိရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဂျွန်ကယ်ရီနှင့် သံတမန် အကြီးအကဲတို့က ခင်မင်ရင်းနှီးစွာကြိုဆို နှုတ်ဆက်ကြသည်။

 

အဆိုပါအစည်းအဝေးသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ၊ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံဘုရင်၊ ဖိလစ်ပိုင်နိုင်ငံသမ္မတ၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ စင်ကာပူနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ် နိုင်ငံဝန်ကြီးချုပ်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အဖွင့် အမှာစကား ပြောကြားသည်။

 

ထို့နောက် လာအိုနိုင်ငံသမ္မတ က အမှာစကားပြောကြားပြီး  အာဆီယံ နိုင်ငံများမှ နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများက ဆွေးနွေးကြသည်။

 

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့နှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံ၏ သဘောထားနှင့် ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် လာအိုနိုင်ငံသမ္မတနှင့် အမေရိကန်သမ္မတတို့က နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။   

 

အစည်းအဝေးအပြီး အမေရိကန်သမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့သည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

 

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office