You are here

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးနိုင်ရေး စတုတ္ထအကြိမ်မြောက် ထပ်မံ တင်ပြထားရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးနိုင်ရေး စတုတ္ထအကြိမ်မြောက် ထပ်မံ တင်ပြထားရှိ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၃

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် ဩဂုတ် ၂၇ ရက်တွင်  လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဩဂုတ် ၂၈ ရက်တွင်  လည်းကောင်း၊  ၂၀၁၅  ခုနှစ် ဇူလိုင် ၃ ရက်တွင်လည်းကောင်း ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လိပ်မူပြီး ပေးပို့ခဲ့သော် လည်း ယင်းဥပဒေပြဋ္ဌာန်းခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် ဆောလျင်စွာ အတည်ပြု ပြဋ္ဌာန်းပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပေးပါရန် ဩဂုတ် ၁၃ ရက်က ထပ်မံတင်ပြထားကြောင်း သိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏စာ၌  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၈ (ခ) တွင် "ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို  သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့် အညီ  တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်။" ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၆၉ (ခ) တွင်  "သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော် တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို  ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။" ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၆ (က) တွင် "လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိသည့် အကြောင်းအချက်များကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ် ၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ် ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်။" ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၉၇ တွင် "ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍  လည်းကောင်း၊  တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။" ဟူ၍လည်းကောင်း ပြဋ္ဌာန်း ထားကြောင်း ဖော်ပြထားရှိသည်။

 

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်များက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အား ထိန်းကျောင်းပေးနိုင်မည့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ် ထားသော အဆိုပါတာဝန်နှင့် အခွင့်အရေးကို မဲဆန္ဒရှင်များက ကျင့်သုံး ဆောင်ရွက် လိုသော်လည်း အဆိုပါတာဝန်မှ  ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို  ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသဖြင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးသည့် သဘော သက်ရောက်နေပါကြောင်း ဖော်ပြထားသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ယင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ အကျဉ်းချုပ်ကို ပူးတွဲပြီး ထပ်မံ ပေးပို့ခဲ့ရာ ပြည်ထောင်စုလွှတ်တော်သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၁ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အတည်ပြုပြဋ္ဌာန်း နိုင်သည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆောလျင်စွာ အတည်ပြု ပြဋ္ဌာန်းပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က  ဆောင်ရွက်ပေးပါရန်    ထပ်မံတင်ပြအပ်ပါကြောင်း ဖော်ပြ၍  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  ဩဂုတ် ၁၃ ရက်တွင် စတုတ္ထအကြိမ်မြောက် ထပ်မံတင်ပြခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office