You are here

ဒီမိုကရေစီအစိုးရ လက်ထက်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် အကျိုးတူအိမ်ရာ စုစုပေါင်း ၃၆ဝ၅၉ ခန်းကို ဖြည့်ဆည်းတည်ဆောက်ပေးနိုင်ခဲ့

ဒီမိုကရေစီအစိုးရ လက်ထက်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် အကျိုးတူအိမ်ရာ စုစုပေါင်း ၃၆ဝ၅၉ ခန်းကို ဖြည့်ဆည်းတည်ဆောက်ပေးနိုင်ခဲ့

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၅

လက်ရှိ ဒီမိုကရေစီအစိုးရအဖွဲ့ တာဝန်ယူစဉ် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အထိ လေးနှစ်တာ ကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာများ၊ လှည့်ပတ်ရန်ပုံငွေဖြင့် ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများကို နိုင်ငံတော်၏ မူဝါဒ တစ်ရပ်အနေဖြင့် အဓိကထား တည်ဆောက်ပေးခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့်လည်း အကျိုးတူအိမ်ရာများကို ဖော်ဆောင်ခဲ့ရာ စုစုပေါင်း အိမ်ခန်းပေါင်း ၃၆ဝ၅၉ ခန်းကို ဖြည့်ဆည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း ယနေ့ကျင်းပသည့် မြို့ပြနှင့် အိမ်ရာ လိုအပ်ချက်များအား ခေတ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမှု ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးကျော်လွင်တို့ တက်ရောက် ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်သူများ၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် စားရေး၊ နေရေးနှင့် ဝတ်ရေးတို့တွင် နေထိုင်ရေးသည် အဓိက အရေးကြီးသည့် လိုအပ်ချက်ဖြစ်လာကြောင်း၊ ထို့ကြောင့် အိမ်ရာစီမံကိန်းများနှင့် မြို့ပြ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသခံပြည်သူများ၊ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး Master Plan ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့ပြစီမံကိန်းနှင့် အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ရေးဆွဲ ဆောင်ရွက်ရာတွင် အနာဂတ်တွင် ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေများနှင့် တိုးတက် လာမည့် လူဦးရေကိုလည်း ထည့်သွင်းစဉ်းစားပြီး စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဦးတည်ချက် (၄) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းတို့မှာ နိုင်ငံသားများအတွက် သင့်လျော်ကောင်းမွန်ပြီး ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာများကိုရေရှည်ရှင်သန်စေနိုင်သော နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ရေး (Adequate and affordable housing for People)၊ အိမ်ရာပိုင်ဆိုင်ခွင့်အတွက် အထောက်အပံ့ဖြစ်စေမည့် ငွေကြေးစနစ် (Housing Finance Mechanism) အကောင် အထည်ဖော်ရေး၊ ဆောက်လုပ်ရေးကဏ္ဍ Construction Industry ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပိုမိုပါဝင်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဆောက်လုပ်ရေး နည်းပညာသစ်များ ထွန်းကားရေးနှင့် အိမ်ရာအမှန်တကယ် လိုအပ်သူ များ ရရှိအောင် စနစ်တကျ ဖြန့်ဖြူးခြင်း၊ Proper Housing Delivery System အကောင်အထည်ဖော်ရေးတို့ဖြစ်ကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် တန်ဖိုးနည်း အိမ်ရာများကို ရန်ကုန်တိုင်း ဒေသကြီးတွင် သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တည်ဆောက်ခဲ့ပြီး ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အငှားအိမ်ရာများကိုလည်း ဝင်ငွေနည်း ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ ပြည်သူ များ၏ လူမှုစီးပွားရေး အခြေခံလိုအပ်ချက်ဖြစ်သော ''စားဝတ်နေရေး'' အရေး (၃) ပါးတွင် အဓိကအရေးပါသော နေရေးအတွက် ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများ အတွက် အဓိထား၍ တန်ဖိုးနည်းအိမ်ရာများ၊ ဝန်ထမ်းအိမ်ရာများနှင့် ပြည်သူ့ အငှားအိမ်ရာ များကို မူဝါဒချမှတ်ကာ တည်ဆောက်ပေးလျက်ရှိကြောင်း။

 

၂ဝ၁၁-၂ဝ၁၅ ဒီမိုကရေစီအစိုးရလက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ထမ်းအိမ်ရာ စုစုပေါင်း ၂၅၉၆ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာစုစုပေါင်း ၇၁၃၆ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး တန်ဖိုးနည်း အိမ်ရာ စုစုပေါင်း ၂ဝ၂၉၈ ခန်းနှင့် အကျိုးတူအိမ်ရာ စုစုပေါင်း ၆ဝ၂၉ ခန်းတို့ကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း။

 

၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ပြည်သူ့အငှားအိမ်ရာ ၅၁၅၆ ခန်း၊ ဝန်ထမ်းအိမ်ရာ ၁၈၃ဝ ခန်း၊ တန်ဖိုးနည်း အိမ်ရာ ၁၁၁၆ဝ ခန်း၊ တန်ဖိုးသင့်အိမ်ရာ ၆၈၂၉ ခန်းနှင့် တန်ဖိုးမြင့် အကျိုးတူ အိမ်ရာ ၄၃၈၂ ခန်း စုစုပေါင်း ၂၉၃၅၇ ခန်းကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းတင်ပြသည်။

 

အိမ်ရာကဏ္ဍတွင် နှစ်(၂ဝ) နှစ်ရှည်ဖွံ့ဖြိုးရေးစီမံ ကိန်းဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာရေးနှစ်အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီး၊ ပြည်နယ် များ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှုအလားအလာရှိသည့် မြို့ကြီး ၈၁ မြို့၌ တည်ဆောက်ရန် ရည်မှန်းထားသည်။

 

မျှော်မှန်းအုပ်စုအနေဖြင့် ဝင်ငွေနည်း ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဦးစားပေး အဆင့်အဖြစ် သတ်မှတ်ပြီး ဝင်ငွေအဆင့်အတန်းပေါ် မူတည်၍ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ တည်ဆောက် ရောင်းချသွားမည် ဖြစ်ပြီး အိမ်ခန်းဝယ်ယူသူများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ အိမ်ရာငွေချေးစနစ် (Mortgage Loan) ဖြင့် ရှစ်နှစ်အရစ်ကျ ပေးချေ သောစနစ်ကျင့်သုံးရန် လျာထားသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ် ဒေသအနှံ့အပြားတွင် မြို့ပေါင်း ၉၉ မြို့၏ မြို့ပြစီမံကိန်းများနှင့် မြို့တိုးချဲ့ရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခဲ့ရာတွင် အိမ်ရာကွက်ပေါင်း တစ်သိန်းခန့် ပါဝင်သည်။

 

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း မြို့ပေါင်း ၅၆ မြို့အတွက် မြို့ပြစီမံကိန်းများ ရေးဆွဲပြီးဖြစ်သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်အရ မြို့ပေါင်း ၂၂ မြို့တွင်လည်း မြို့ပြစီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ခဲ့သည်။

 

 

 

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office