You are here

အာဆီယံအသိုက်အဝန်းသုံးခုကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ပြိုင်နက်တည်း နိုင်ငံအားလုံးမှာ ထူထောင်ရန်ဆုံးဖြတ်

အာဆီယံအသိုက်အဝန်းသုံးခုကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ပြိုင်နက်တည်း နိုင်ငံအားလုံးမှာ ထူထောင်ရန်ဆုံးဖြတ်

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၂၃

(၂၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ နိုဝင်ဘာ ၂၁ နှင့် ၂၂ ရက် တို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ အစည်းအဝေးမှ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်းဆိုင်ရာ ၂ဝ၁၅ ခုနှစ် ကွာလာလမ်ပူကြေညာချက်နှင့် အာဆီယံဆိုင်ရာ ၂ဝ၂၅ ခုနှစ် ကွာလာလမ်ပူကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း တက်ရောက်ပါဝင်ခဲ့ရာ တက်ရောက်ခဲ့ ကြသည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်

နိုင်ငံခြားရေးဝန်ကြီးဌာန

နိုဝင်ဘာလ ၂၁ နဲ့ ၂၂ ရက်မှာ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေ ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပတဲ့နေရာမှာ ၂၁ ရက် နံနက် ၉ နာရီ အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲစပြီး အာဆီယံထိပ်သီးအစည်းအဝေး Plannary Section ကို စတာပါ။ Plannary Section က အာဆီယံရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပြီးခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်တာပါ။ ရှေ့လုပ်ငန်းစဉ်တွေအတွက်ကတော့ ၂ဝ၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း ထူထောင်တဲ့ Conversion မှာ ထိပ်သီးနိုင်ငံ့ ခေါင်းဆောင်တွေ အကုန်လုံးပါဝင်လက်မှတ် ရေးထိုးတဲ့ အစီအစဉ်၊ နောက်တစ်ခုက အာဆီယံ စီမံချက်တွေကို ၂ဝ၂၅ အထိ ရှေ့ဆက်ပြီး ဘယ်လိုအကောင်အထည်ဖော်သွား မလဲဆိုတာ ASEAN 2025 Forging Ahead Together ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဘယ်လို အကောင်အထည်ဖော် သွားမလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်။ ပြီးရင်တော့ အာဆီယံ ဆွေးနွေးဖက်နိုင်ငံတွေ အာဆီယံ+၁ နိုင်ငံတွေ၊ အပေါင်း ၁ ဆိုတာ အာဆီယံနဲ့ ဆွေးနွေးဖက် နိုင်ငံတွေဖြစ်တဲ့ အာဆီယံ+ တရုတ်၊ အာဆီယံ+ဂျပန်၊ အာဆီယံ+ ကိုရီးယား၊ အာဆီယံ+US ၊ အာဆီယံ+ နယူး ဇီလန်၊ အာဆီယံ+အိန္ဒိယစတဲ့ ဆွေးနွေးဖက် နိုင်ငံတွေနဲ့ ထိပ်သီးစည်းဝေးပွဲတွေ လုပ်တာပါ။

နောက်တစ်ခုကတော့ EAS ပေါ့၊ EAS ဆိုတာ အရှေ့အာရှထိပ်သီးအစည်းအဝေး East Asia Summit လို့ခေါ်တယ်။ ဒီအရှေ့ အာရှထိပ်သီးအစည်းအဝေးမှာတော့ နိုင်ငံပေါင်း (၁၈) နိုင်ငံပါပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှား၊ အိန္ဒိယ စသည်ဖြင့် နိုင်ငံတွေအပါအဝင် အားလုံး (၁၈) နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ ကြတာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတဲ့ ဘာသာရပ်တွေ ကတော့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ နိုင်ငံအားလုံး ပူးပေါင်း ဆောင်ရွက်တဲ့အခါမှာ အပြစ်မဲ့တဲ့ပြည်သူတွေ အတိဒုက္ခရောက်အောင် ဆောင်ရွက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်သွားအောင် ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲ။ ဒီလိုဆောင် ရွက်တဲ့အခါမှာလည်း နိုင်ငံအားလုံးကနေ တာဝန်သိစွာနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့ သတင်းအချက်အလက်တွေ ဖလှယ်ပြီးတော့ ဆွေးနွေးခဲ့ကြသလို ဒီအာဆီယံ ဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးကိစ္စ၊ အထူးသဖြင့် ပင်လယ် ရေကြောင်း သွားလာမှုကိစ္စ လုံခြုံမှုနဲ့ ကုန်သွယ်လေကြောင်းသွားလာမှု တွေမှာ လွတ်လွတ် လပ်လပ်နဲ့ လုံလုံခြုံခြုံ သွားနိုင်ဖို့၊ လေယာဉ်တွေရဲ့ ပျံသန်းမှုတွေမှာလည်း လွတ်လွတ် လပ်လပ် ပျံသန်းနိုင်ခွင့် ရရှိရေး၊ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းမှု ရရှိရေး၊ တင်းမာမှုတွေမရှိဘဲနဲ့ စစ်ရေးအရ တိုးချဲ့တည်ဆောက်မှုတွေ မပြုလုပ်ရေး စသဖြင့် တောင် တရုတ်ပင်လယ် ကိစ္စရပ်တွေမှာ သက်ဆိုင်ရာနိုင်ငံတွေအချင်းချင်း ငြိမ်းချမ်းစွာနဲ့ ပြေလည်စွာ ဖြေရှင်းဖို့ဆိုတဲ့ ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးခဲ့ပါတယ်။

အလားတူပဲ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေ အနေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ။ အထူးသဖြင့် အာဆီယံဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုကတော့ တောမီးတွေလောင်တဲ့ နေရာကနေပြီး မီးခိုးငွေ့တွေ ပျံ့နှံ့နေတဲ့အတွက် နိုင်ငံတစ်နိုင်ငံတည်းသာမကဘဲ တစ်ခြား နိုင်ငံအတွင်းမှာပါ သက်ရောက်မှု တွေရှိတယ်။ ဒါတွေကိုလည်း ရှေ့လျှောက်ပြီးတော့ ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ။ ဘယ်လိုကာကွယ်သွားမလဲ။ နောက်တစ်ခုက ကပ်ရောဂါတွေပါ။ ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ပျံ့နှံ့မှုတွေနဲ့ ကာကွယ်မှုတွေ ဘယ်လို ဆောင်ရွက်ကြ မလဲဆိုတဲ့ ဘာသာရပ် တော်တော်များများမှာ အမြင်ချင်းဖလှယ်ပြီးတော့ ဆွေးနွေးခဲ့တယ်။ အထူးသဖြင့်ကတော့ အာဆီယံအသိုက်အဝန်း ထူထောင်ရေးကိစ္စ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အာဆီယံ အသိုက်အဝန်း ထူထောင်တော့မှာ ဖြစ်တဲ့ အတွက်ကြောင့် အာဆီယံ အဖွဲ့ကြီးရဲ့ နှစ်ပေါင်းများစွာ ကြိုးစားဆောင်ရွက်လာခြင်းရဲ့ ရလဒ် အသီးအပွင့်အဖြစ်နဲ့ အာဆီယံ အသိုက်အဝန်းတစ်ခုကို စတင်ထူထောင် တော့မယ်။ ဒီလိုစတင် ထူထောင်တဲ့ အခါမှာ အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်​တွေနဲ့ နိုင်ငံအသီးသီးက ဖြည့်စွမ်းရမယ့် မဏ္ဍိုင် (၃)ခု ရှိပါတယ်။ မဏ္ဍိုင် (၃) ခုက နိုင်ငံရေးနဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုနဲ့ ဒီမဏ္ဍိုင်ကြီး (၃) ရပ်လုံးက အာဆီယံ Community လို့ ပေါ်ပေါက်လာရင် ဘယ်လိုလုပ်ငန်းတွေကို စတင်ပူးပေါင်း ဆောင်ရွက် ကြမလဲ။ ပြည်သူ လူထုတွေအနေနဲ့ အာဆီယံ (၁ဝ) နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ခံစားရမလဲ။ ရှေ့ဆက်ပြီးတော့လည်း ဘယ်လို ညီညီ ညွတ်ညွတ်နဲ့ ဆောင်ရွက်သွားကြမလဲ။ ဥပမာ ASEAN Free Trade Area တွေ ပေါ်လာမယ်။ ပေါ်လာတဲ့အခါမှာ အခွန်အတုပ်တွေနဲ့ ပတ်သက်ပြီး ကင်းလွတ်ခွင့်တွေ ရရှိလာမယ်။ ပြီးရင် အဖွဲ့ဝင်နိုင်ငံ အသီးသီးမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို လွယ်လွယ်ကူကူနဲ့ လွတ်လွတ်လပ်လပ် ပိုမို ပြီးတော့ ကူးလူး ဆက်ဆံနိုင်မယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တင်ပို့တဲ့ကုန်တွေနဲ့ ပတ်သက်ပြီးတော့ အခွန်အတုပ် ကင်းလွတ်ခွင့်တွေရမယ် စသည်ဖြင့် ရှေ့ဆက်လုပ်ဆောင်သွားရမယ့် လုပ်ငန်းတွေကို အသိုက်အဝန်း တစ်ခုအနေနဲ့ သန်း ၆ဝဝ ကျော်သော (၁ဝ) နိုင်ငံက ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနဲ့ သာတူညီမျှရှိတဲ့ အခွင့်အလမ်းတွေ ရရှိဖို့အတွက် ဆက်လက် တည်ဆောက်သွားမယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့တယ်။

ထိပ်သီးအစည်းအဝေးတွေ မတိုင်ခင်မှာလည်း ဝန်ကြီးများအဆင့် အစည်းအဝေးတွေ လုပ်တဲ့အခါမှာ အထူးသဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တာကတော့ နိုင်ငံရေးနဲ့ လုံခြုံရေး အစည်းအဝေး၊ နောက် တစ်ခုကတော့ ACC လို့ခေါ်တဲ့ ASEAN Coordinate Counsel ဒီအစည်းအဝေးနှစ်ခု လုပ်ပြီးတဲ့အခါမှာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေ မှာလည်း ဘယ်လိုရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားကြမလဲ။ အဓိကကတော့ တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားကြဖို့၊ အာဆီယံနိုင်ငံတွေအတွင်းမှာလည်း ရှိခဲ့ပြီးသား အစဉ်အလာဖြစ်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိစ္စရပ်တွေနဲ့ ဆွေးနွေးစရာ ကိစ္စရပ်တွေ ပေါ်ပေါက်လာရင်လည်း မိသားစု စိတ်ဓာတ်နဲ့ အဆင်ပြေချောမွေ့စွာနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့် လမ်းစဉ်ကို ဆက်လက်ပြီးတော့ ကိုင်တွယ်ထားဖို့ဆိုတဲ့ နည်းလမ်း ဖြစ်ပါ တယ်။

အာဆီယံအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာ နိုင်ငံခြားရေးမူဝါဒပိုင်းဆိုင်ရာ မှာတော့ အထူးတလည် ပြောင်းလဲစရာ မရှိဘဲနဲ့ ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ကောင်းမွန်တဲ့ တူညီဆန္ဒတွေကိုရယူပြီး ဒေသကြီးတစ်ခုလုံးနဲ့ ပြင်ပ ကမ္ဘာ့နိုင်ငံတွေ၊ အထူးသဖြင့် ဆွေးနွေးဖက်နိုင်ငံတွေ၊ နောက်တစ်ခါ EAS ဆိုတဲ့ အာရှ ထိပ်သီး အဖွဲ့မှာပါဝင်တဲ့ နိုင်ငံ တွေတင်မကဘဲနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ကျန်တဲ့ ဒေသ အသီးသီးက နိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာလည်း အာဆီယံ (၁ဝ) နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ အာဆီယံရဲ့ ဗဟိုကျမှု ကို ဆက်လက်ထိန်းသိမ်းသွားပြီး ရှေ့ကဏ္ဍ အသီးသီးမှာလည်း အာဆီယံရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှုကို ပြသ နိုင်တဲ့ ရှေ့လုပ်ငန်းစဉ် ချမှတ်သွားဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ကလည်း အခုအချိန်မှာတော့ နိုင်ငံအားလုံးနဲ့ တန်းတူရည်တူရှိမှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်မှုကြီး (၅) ချက်ကို အခြေခံပြီးတဲ့အခါမှာ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ချစ်ကြည် ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားဖို့၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်တက်ကြွပြီးတော့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒအရပဲ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံ အားလုံးနဲ့ တန်းတူရည်တူရှိရှိ ရှေ့ကို လျှောက်လှမ်းဆက်ဆံသွားဖို့ လိုပါတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ လည်း ပိုမိုပွင့်လင်းမြင်သာလာတဲ့အလျောက် မိမိနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒဟာလည်းပဲ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ သဟဇာတဖြစ်ပြီးတော့ ညီညီ ညွတ်ညွတ်နဲ့ ချစ်ချစ်ခင်ခင် ပူးပေါင်း ဆောင်ရွက်သွားမယ်။ ကမ္ဘာ့အရေးအခင်းတွေ၊ ကမ္ဘာ့ ရေးရာတွေ ရှိလာရင်လည်းပဲ မြန်မာနိုင်ငံအနေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် သွားမယ်ဆိုတဲ့ မူဝါဒကိုလည်း ဆက်လက် ပြီးတော့ အကောင်အထည်ဖော်ရမှာ ဖြစ်ပါ တယ်။ ဒီလို အကောင်အထည်ဖော်တဲ့အခါမှာလည်း အခုလို Community ပေါ်ပေါက် လာတဲ့အတွက် မိမိတို့ချမှတ်တဲ့ နိုင်ငံခြားရေး မူဝါဒနဲ့အညီ နိုင်ငံအားလုံးနဲ့ ဒီထက်ဒီထက် ပိုပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထူထောင်ပြီးတဲ့အခါမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထုအားလုံးရဲ့ တိုးတက် စည်ပင်ဖွံ့ဖြိုးရေးအတွက်ကို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်

အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

အခုအစည်းအဝေးမှာ အဓိကအားဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်း အဓိကထားပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်း အပိုင်းမှာ အသိုက်အဝန်း (၃) ခုရှိပါတယ်။ အသိုက်အဝန်းတစ်ခုကတော့ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းတို့ ဖြစ်ပါတယ်။ အသိုက်အဝန်း (၃) ခုကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ တစ်ပြိုင်နက်တည်း နိုင်ငံအားလုံးမှာ ထူထောင်ဖို့အတွက် အဆုံးအဖြတ်လုပ်ကြတာ ဖြစ်ပါတယ်။ အဲဒါက အာဆီယံ အသိုက်အဝန်းကြီးတစ်ခုလုံးရဲ့ အောင်မြင်မှုအနေနဲ့ ဆွေးနွေးကြတာဖြစ်ပြီး မလေးရှားနိုင်ငံအနေနဲ့ မနှစ်က ကျွန်တော်တို့ နိုင်ငံက ဥက္ကဋ္ဌလုပ်ခဲ့တဲ့ အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းဆိုင်ရာ ကြိုတင် ဆောင်ရွက်ချက်အပေါ်မှာ အခြေခံပြီး မလေးရှားက ဒီအာဆီယံအသိုက်အဝန်းကို လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ အပြီးထူထောင်သွားမယ် ဆိုတဲ့ သဘောတူညီချက်ကို ကွာလာလမ်ပူ ကြေညာစာတမ်းမှာ ဖော်ပြပြီးဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

စီးပွားရေးအတွက်က အထူးသဖြင့် ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြင်ဆင်ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးအသိုက်အဝန်းမှာ အပိုင်းလေးပိုင်းရှိပါတယ်။ နံပါတ်တစ်က အာဆီယံ၏ တစ်ခုတည်းသော ထုတ်လုပ်မှု ဖြစ်ပါတယ်။ အာဆီယံဒေသတွင်း ထုတ်လုပ်မှု ဆိုရင် အခု ဥရောပနိုင်ငံမှာ Made in EU လို့ရေးတယ်။ ကာလရှည်မှာ Made in ASEAN လို့ရေးနိုင်အောင် တစ်ခုတည်းသော ထုတ်လုပ်မှုမှာ ပုံစံလည်းတူမယ်။ အရည်အသွေး လည်း တူမယ်ဆိုတာတွေကို ညှိနှိုင်းဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက် တစ်ခုက ကုန်စည် ကုန်သွယ်ရေးလို့ခေါ်တဲ့ ကုန်စည်တွေကို အာဆီယံဒေသတွင်း ၁ဝ နိုင်ငံမှာ လွတ်လပ်စွာ စီးဆင်းခွင့်ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ လုပ်သားတွေ၊ ပညာရှင်တွေက အာဆီယံ ဒေသတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ကို အဓိကအားဖြင့် ထူထောင် တာရှိသလို အာဆီယံဒေသတွင်းမှာ ငွေကြေး အရင်းအနှီးတွေကို လွတ်လွတ်လပ်လပ် ကူးသန်း နိုင်ဖို့အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်လိုက်တဲ့အခါ နိုင်ငံတစ်နိုင်ငံမှာ လိုအပ်နေတဲ့ ငွေကြေး၊ ကုန်ပစ္စည်း၊ ကျွမ်းကျင်လုပ်သားတွေအတွက် အခွင့်အလမ်းတွေ ရှိသလို တစ်ဖက်ကလည်း လိုအပ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေကို လိုသလို ဖြည့်ဆည်းပေးနိုင်တာရှိသလို ပြန်ပို့နိုင်တာလည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ယှဉ်ပြိုင်မှုရှိပြီး ပွင့်လင်းတဲ့ ဒေသ စီးပွားရေးပုံစံ ပြန်လည်တည်ထောင် ခြင်းဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုရှိတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံက လုပ်ငန်းတွေ၊ စက်ရုံ တွေ၊ ပညာရှင်တွေ အားလုံးကလည်း ယှဉ်ပြိုင်မှု ဈေးကွက်ထဲ ဝင်ရမှာဖြစ်တဲ့အတွက် အရည်အသွေး ပိုကောင်းလာဖို့ လိုသလို အရည်အသွေးလည်း ပိုကောင်းလာရမှာ ဖြစ်ပါတယ်။

နောက်အချက်က အာဆီယံမှာ မူလအာဆီယံငါးနိုင်ငံဆိုတာ သပ်သပ်၊ ဘရူနိုင်းက သပ်သပ်၊ နောက် CLMV လို့ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ဒီလေးနိုင်ငံ က သပ်သပ်ဖြစ်နေတာကို အတတ်နိုင်ဆုံးညီမျှသွားအောင်၊ ဖွံ့ဖြိုးမှု တွေညီမျှသွားအောင်၊ တိုးတက်မှုတွေ ညီမျှ သွားအောင်၊ လူမှုရေး၊ ကျန်းမာရေးကအစ အကုန်လုံး ဆောင်ရွက် သွားနိုင်အောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်မှုအနေနဲ့ ၉၅ ဒသမ ၄ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်တဲ့အချိန်အတွင်းမှာ ရာနှုန်းပြည့် ဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဆောင်ရွက်မှုတွေ အများကြီး ပြီးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ သွင်းကုန်ခွန်ကိစ္စ ပြီးပါပြီ။ ကျန်တာကတော့ သွင်းကုန်ခွန် မဟုတ်သော ကုန်သွယ်ရေးအတားအဆီး တွေ၊ ပါမစ်တို့၊ ကုန်သွယ်ရေး မူဝါဒအချို့တို့ပဲ ကျန်တယ်။ အာဆီယံတစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ၉၂ ဒသမ ၇ ရာခိုင်နှုန်းပဲ ပြီးသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုအနေနဲ့က ၉၅ ရာခိုင်နှုန်းကျော်ပြီးနေပြီ ဖြစ်တဲ့အတွက် တော်တော်ပြီးနေပါပြီ။

စီးပွားရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်က အာဆီယံ-တရုတ် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူ စာချုပ်နဲ့ အဲ့ဒီအောက်မှာ လက်မှတ်ရေးထိုးခဲ့ တဲ့ သဘောတူစာချုပ်တွေကို ပြင်ဆင်တဲ့ အခြေပြစာချုပ်ကို ပြန်လည်ပြင်ဆင်ပါတယ်။ အာဆီယံ-တရုတ် ကုန်သွယ်မှု စာချုပ်ကတော့ အစောဆုံးအနေနဲ့ ဘက်စုံပူးပေါင်းမှု မူဘောင်ကို ၂ဝဝ၂ ခုနှစ်ကတည်းက စထိုးခဲ့တာဖြစ် တဲ့အတွက် ၁၃ နှစ်လောက်ရှိပါပြီ။ ကုန်စည် ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ၂ဝဝ၄ မှာ ထိုးခဲ့တာဖြစ်တဲ့အတွက် ၁၁ နှစ်ရှိပါပြီ။ ဝန်ဆောင်မှုကုန်သွယ်ရေးမူဘောင်ကို ၂ဝဝ၇ ခုနှစ်က ထိုးခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုကုန်သွယ် ရေးမူဘောင်ကို ၂ဝဝ၉ ခုနှစ်က ထိုးခဲ့တယ်။ လက်မှတ်ရေးထိုးပြီးမူဘောင် လေးခုရှိပြီ။ ဘက်စုံ ကုန်သွယ်ရေး၊ ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေး ဖြစ်ပါတယ်။ အခုထိုးခဲ့တာက ဒါကိုအနည်းငယ်ပြင်ဆင်တဲ့ မူဘောင်ဖြစ်ပါ တယ်။ ပြန်လည်ပြင်ဆင်လိုက်တာဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ပိုရလာ မှာဖြစ်ပါတယ်။ အကောက်ခွန်နဲ့ပတ်သက်လို့ ကျွန်တော်တို့ဆီကပို့တဲ့ ပို့ကုန်ကို ပိုပြီး လျှော့ပေါ့တဲ့ အခွန်နှုန်းနဲ့ရမှာဖြစ်ပြီး ကုန်စည်တွေပိုပြီး တင်ပို့နိုင်မှာဖြစ်ပါတယ်။ အကောက်ခွန်ဆိုင်ရာနဲ့ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုရှင်းလင်းစွာ စည်းမျဉ်း စည်းဝါးကိုက် ဆောင်ရွက်နိုင်မှာဖြစ်တဲ့ အတွက်လည်း ပို့ကုန်သွင်းကုန် လုပ်တဲ့ အခါမှာ အချိန်သက်သာခြင်း၊ စရိတ်စကသက်သာခြင်း စတာတွေကို ရရှိမှာဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြားမှာ အကန့်အသတ်တွေကို ဖြေလျှော့ ပေးနိုင်တာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ ပိုပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ခြုံပြီး ကြည့်ရင် အာဆီယံအသိုက်အဝန်းကြီး ဖြစ်လာပြီဆိုတော့ ပိုပြီး လွယ်ကူ ချောမွေ့လာမယ်။ နယ်စပ်ကုန်သွယ်ရေးရော၊ ပုံမှန် ကုန်သွယ်ရေးရော ပိုမိုလွယ်ကူ ချောမွေ့လာ အောင် ကျွန်တော်တို့က ပါဝင်ပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်

ပြန်ကြားရေးဝန်ကြီးဌာန

ဒီတစ်ခေါက်လုပ်တဲ့ ထိပ်သီးအစည်း အဝေးဟာ အာဆီယံ ထိပ်သီးအစည်းအဝေးရော၊ နောက်တစ်ခါ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေတက်တဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှာရော အဓိကအားဖြင့်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောရင် မြန်မာနိုင်ငံမှာ သမ္မတကြီးအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်တဲ့အပေါ်မှာရော၊ နောက်တစ်ခါ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာ ပြီးတော့မှ ချောမွေ့စွာ တာဝန်လွှဲပြောင်းပေးမယ်လို့ ကတိပြုတဲ့ အပေါ်မှာရော ဝိုင်းဝန်း ပြီးတော့ ချီးကျူးကြပါတယ်။

ကျွန်တော်တို့ ပြန်ကြည့်လိုက်ရင် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့ အချိန်ကနေစပြီး မြန်မာနိုင်ငံဟာ အာဆီယံအတွက် တစ်ခါတလေ နိုင်ငံတကာ ဆက်ဆံရေးမှာ အနှောင့်အယှက်လိုမျိုး၊ ဝန်ထုပ်ဝန်ပိုးလိုမျိုး ဖြစ်ခဲ့တာရှိတယ်။ အထူးသဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ မြန်မာပါသင့်၊ မပါသင့်ဆိုတာကို အများကြီး ငြင်းခုံခဲ့ရတာတွေရှိတယ်။ ဒါပေမယ့် သမ္မတကြီးတာဝန်ယူတဲ့ ၂ဝ၁၁ ခုနှစ်ကစပြီးတော့ ကျွန်တော်တို့လုပ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံဟာ တကယ့်တင်းပြည့်ကျပ်ပြည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာတယ်။ အာဆီယံနဲ့ နိုင်ငံတကာ ဆက်ဆံရေးကြားထဲမှာလည်း မြန်မာနိုင်ငံက အနှောင့်အယှက်မဟုတ်တော့ဘဲနဲ့ မြန်မာနိုင်ငံက အားတစ်ခုဖြစ်လာတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ ရာထူးကို တာဝန်ယူ ခဲ့တယ်။ ၂ဝ၁၅ မှာ ကျွန်တော်တို့ ရွေးကောက်ပွဲလုပ်ပြီး ၂ဝ၁၆ ကို ကျွန်တော်တို့ လွှဲပေးတဲ့ အခါကျရင် ဘယ်လိုဖြစ်သွား မလဲဆိုတော့ မလေးရှားဝန်ကြီးချုပ် ပြောတဲ့ စကားတွေလိုပဲ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက်သာမက အာဆီယံဒေသ တစ်ခုလုံး အတွက်ရော၊ နိုင်ငံတကာ အသိုက်အဝန်းအတွက်ရော အင်မတန်မှ တန်ဖိုးရှိတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ကို ပေးနိုင်ခဲ့တယ်လို့ ဆိုတဲ့ စကားရှိပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ သက်တမ်းကာလမှာ မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ရော၊ အာဆီယံနဲ့ရော ပြန်လည်ချိတ်ဆက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ။ သမ္မတကြီးက အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ခဲ့တာ ကိုးနှစ်ပေါ့။ ဒီအစည်းအဝေးကတော့ သမ္မတကြီးရဲ့ နောက်ဆုံးတက်ရောက် တဲ့အစည်းအဝေးပါ။ ဒီနှစ်မှာတော့ သမ္မတကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဂုဏ်တက်အောင် လုပ်နိုင်ခဲ့တယ်။ ဘာပဲပြောပြော နောင်လာမယ့် အစိုးရလက်ထက် မှာတော့ မြန်မာနိုင်ငံဟာ ပိုပြီးတော့မှ အာဆီယံအဖွဲ့ အတွင်းမှာရော၊ ဒေသတွင်းရေးရာ တွေမှာရော ပိုပြီးတော့ တက်တက်ကြွကြွ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

အဓိကကတော့ အခုပထမဆုံး တစ်ခုတည်းသော အာဆီယံအသိုက် အဝန်းဖြစ်သွားပြီ။ အာဆီယံအသိုက်အဝန်း ဖြစ်သွားတဲ့အတွက်ကြောင့် စီးပွားရေးအရပြောရရင် ကျွန်တော် တို့နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အခွင့်အလမ်းတွေလည်း ပိုရလာတယ်။ တစ်ဖက်ကလည်း နိုင်ငံတကာက အထူးသဖြင့် အာဆီယံနိုင်ငံတွေက ဝင်လာမယ့် လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် မိမိရဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းအားကို မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတဲ့ စိန်ခေါ်မှုလည်းရှိတော့ ဒီနှစ်ခုလုံးအတွက် ကျွန်တော်တို့က ပြင်ဆင်ရမှာပါ။ နိုင်ငံရေးအရ ပြောရင်တော့ ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့က ဘာပဲပြောပြော ဒီရွေးကောက်ပွဲအပြီး နောက်တစ်ခါ တာဝန်ယူရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ပိုပြီးတော့ အဆင့်တက်သွားတယ်။ အဆင့်တက် သွားတာနဲ့အမျှ ကျွန်တော်တို့က ဒေသတွင်းနဲ့ အာဆီယံရေးရာမှာ ပိုပြီးတော့ တက်တက်ကြွကြွလုပ်ရမယ်။ လုပ်တဲ့အခါ မှာ အဲ့ဒီကိစ္စတွေမှာ ပါဝင်ဆောင်ရွက် နိုင်ဖို့အတွက် ဌာနဆိုင်ရာတွေ အားလုံးက ပိုပြီးတော့ပြင်ဆင်ထားရမယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံ ဂုဏ်တက်တယ်ဆိုတာ သမ္မတကြီး တစ်ယောက်တည်း ဂုဏ်တက်တာ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံလုံး ဂုဏ်တက်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာမှာရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေလည်း ပိုပြီးတော့မှ ဂုဏ်ယူစရာဖြစ်လာမယ်။ မြန်မာနိုင်ငံသူနိုင်ငံသား မြန်မာအလုပ် သမားတွေနဲ့ ပတ်သက်ရင်လည်း နိုင်ငံတကာကလည်း အရင်တုန်းကလိုမျိုး မျက်နှာလွှဲခဲပစ်လုပ်တာ မဟုတ်ဘဲနဲ့ ပိုပြီးတော့မှ ဂရုစိုက်လာတော့မယ်။ ပိုပြီးတော့ အခွင့်အရေးတွေ ရလာတော့မယ်လို့ ကျွန်တော်ထင်တယ်။

ဦးအောင်လင်း(အမြဲတမ်းအတွင်းဝန်)

နိုင်ငံခြားရေးဝန်ကြီးဌာန

နိုင်ငံတော်သမ္မတက ၂ဝဝ၇ ခုနှစ် ကတည်းကစပြီး အာဆီယံထိပ်သီး အစည်းအဝေးတွေကို မြန်မာပြည်ကိုယ်စား ခေါင်းဆောင်အနေနဲ့ တက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်က အခြေအနေနဲ့ လက်ရှိ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အင်မတန်တိုးတက်ပြောင်းလဲနေပါပြီ။ အဲ့ဒီအချိန်တုန်းကဆိုရင် ကုလသမဂ္ဂ က ကျွန်တော်တို့အပေါ်ကို မြင်တဲ့ အမြင်နဲ့ အခုလက်ရှိအခြေအနေမှာ ကုလသမဂ္ဂက ကျွန်တော်တို့အပေါ် မြင်တဲ့အမြင်က လုံးဝကွဲပြားခြားနားသွားတယ်ဆိုတာကို ကျွန်တော်သတိ ထားမိပါတယ်။

၂ဝဝ၇ ခုနှစ်တုန်းကဆိုရင် ရွေးကောက်ပွဲလည်းမလုပ်ရသေးဘူး။ အခုလို ရွေးကောက် တင်မြှောက် ထားတဲ့ အစိုးရလည်း မတက်သေးဘူး။ မတက်သေးတဲ့အချိန်မှာ ကုလသမဂ္ဂ က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲတဲ့ဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ အခု လက်ရှိအနေအထားမှာဆိုရင်တော့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ တယ်။ ၂ဝ၁၁ ခုနှစ်မှာ အစိုးရသစ်ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပြီး တော့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်တဲ့နောက်ပိုင်းမှာ ကုလသမဂ္ဂက ကျွန်တော်တို့အပေါ် မြင်တဲ့အမြင်တွေဟာ တိုးတက်ပြောင်းလဲနေတယ်ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင်က ထုတ်ဖော်ပြောကြားတာရှိပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို ကြိုဆိုတယ်၊ အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံမှာ ရှေ့အနာဂတ် ပြောင်းလဲမယ့် ဒီမို ကရေစီဖြစ်စဉ်တွေကိုလည်း ကုလ သမဂ္ဂအနေနဲ့လည်း ဆက်လက်ပြီး တော့ လက်တွဲဆောင်ရွက်သွားမယ် ဆိုတာကို ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ မူဝါဒတွေ၊ နိုင်ငံခြား ရေးရာနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဌာနက အကောင်အထည်ဖော်နေတဲ့ ဘက်မလိုက်လှုပ်ရှားမှုကို အခြေခံတဲ့ နိုင်ငံခြားရေး မူဝါဒ၊ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံတဲ့ နိုင်ငံခြားရေးမူဝါဒအပြင် အာဆီယံ နဲ့ အာဆီယံအဖွဲ့ကြီးမှာ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ဆက်လက်ပြီးတော့ တက်တက်ကြွကြွ ဆောင်ရွက်သွား မယ်ဆိုတဲ့ မူဝါဒတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ချိန်ကစပြီး နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်မယ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ ဒါဟာ ခေတ် အဆက်ဆက်က ကျင့်သုံးလာခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပါတယ်။ ဒီမူဝါဒဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေ ပထဝီအနေ အထားနဲ့ဆိုရင်လည်း အင်မတန်ကိုက်ညီတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့ နောက်လာမယ့်အစိုးရအနေနဲ့ လက်ရှိ အကောင်အထည် ဖော်နေတဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော် သွားဖို့ရှိမယ်ဆိုရင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့လည်း အခုလိုဆက်လက်ပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်။

 

 

www.president-office.gov.mm
This is the official website of Myanmar President Office