You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့မှ တာဝန်ရှိသူများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဖိတ်ကြားထားသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ အနေဖြင့် နေရာဒေသအလိုက် သဘာဝဘေးအန္တရာယ် လေ့လာသုံးသပ် ကြိုတင်ပြင်ဆင် စီမံထားပြီး မိမိဒေသ၏ သဘာဝဘေးကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင် ထားရမည်ဖြစ်ကြောင်း။

 

၂ဝ၁၅ ခုနှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု၊ မြေပြိုမှုများကို လက်တွေ့ရင်ဆိုင် တွေ့ကြုံခံစားခဲ့ကြရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကြက်ဖြေရှင်းဆောင်ရွက်ခဲ့ရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ခဲ့ကြောင်း။

 

မြန်မာနိုင်ငံတစ်ဝန်း မြစ်ကြီးများနှင့် မြစ်လက်တက်များတွင် မြစ်အောက်ကြမ်းပြင်များ တိမ်ကော လာခြင်း၊ မြစ်ကြောင်းပြောင်းလဲခြင်းနှင့် ကမ်းပါးပြိုမှုများ အလွယ်တကူ ဖြစ်ပေါ် လာခြင်း တို့ကြောင့် မိုးများသည့်မုတ်သုံ ကာလတွင် မြစ်ဝှမ်းဒေသများနှင့် ကမ်းရိုးတန်း ဒေသများတွင် ရေလွှမ်းမိုးမှုအား ကာကွယ်ထိန်းချုပ်နိုင်စွမ်းအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေပါကြောင်း။

 

ရေးဘေးအန္တရာယ်၏ ကြီးမားစွာ ထိခိုက်နိုင်မှုနယ်ပယ်ကို မခန့်မှန်းနိုင်ခြင်းနှင့် ကြိုတင် သတိပေးစနစ် အားနည်းခြင်းတို့ကြောင့်လည်း ရေလွှမ်းမိုးမှုအန္တရာယ်နှင့် မမျှော်လင့်ဘဲ ရင်ဆိုင်ရချိန်တွင် ပြည်သူလူထု အနေဖြင့် ထိခိုက်နစ်နာမှုကြီးမားခဲ့ရပါကြောင်း၊ ဘေးလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ခြင်း အစီရင်ခံစာပြုစုပြီး ပြန်လည်ထူထောင်ရေး မဟာဗျူဟာ ချမှတ်၍ စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်တွင်းပြည်ပမှ ထောက်ပံ့ငွေ၊ လှူဒါန်းငွေများဖြင့် ထူထောင်ထားသည့် သဘာဝဘေး စီမံခန့်ခွဲမှု ရန်ပုံငွေကို ဘဏ္ဍာရေး စည်းမျဉ်း များနှင့်အညီ ပွင့်လင်းမြင်သာစွာ စနစ်တကျ သုံးစွဲသွားရန် ဖြစ်ပါကြောင်း။

 

ရေလွှမ်းမိုးမှု သဘာဝဘေးအန္တရာယ်ကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခဲ့ကြမှုများနှင့် ပတ်သက်၍ နိုင်ငံတကာဥပမာများကို လေ့လာနိုင်ပါကြောင်း၊ အမေရိကန်နိုင်ငံရှိ Tennessee မြစ်ဝှမ်းဒေသသည် မိုးရေချိန် မြင့်မားပြီး သစ်တောများပျက်စီးကာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည့် မကြာခဏ ရေလွှမ်းမိုးရာ ဒေသဖြစ်ခဲ့ပါကြောင်း၊ ၁၉၃၃ ခုနှစ်တွင်အမေရိကန်ကွန်ဂရက်မှ Tennessee Valley Authority Act ပြဋ္ဌာန်းပြီး Tennessee Valley Authority (TVA) ကို ဖွဲ့စည်းကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေကြောင်း သွားလာမှုလွယ်ကူစေရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေရရှိရေး၊ ရေဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် လူထုအပန်းဖြေနိုင်စေရေး သွင်ပြင် လက္ခဏာများ ပါဝင်သည့် မြစ်ဝှမ်းဘက်စုံဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုကို တာတမံပေါင်း ၅၄ ခုဖြင့် တည်ဆောက်ခဲ့ပါကြောင်း။

 

ထိုကဲ့သို့ TVA ဖွဲ့စည်းခဲ့သဖြင့် ရေလွှမ်းမိုးမှုများကြောင့် ပျက်စီးဆုံးရှုံးရမည့် ပမာဏ အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော် သက်သာစေခဲ့ပြီး အခြားသောအကျိုးစီးပွားများ ဖြစ်ထွန်းစေခဲ့သဖြင့် တည်ဆောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏထက် အကျိုးအမြတ် ရရှိမှုမှာ ခြောက်ဆခန့် ပိုမို ခဲ့ပါကြောင်း၊ ယနေ့ ကာလတွင် Tennessee မြစ်ဝှမ်းဒေသသည် အမေရိကန် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အားကောင်းသော စေ့ဆော်မှုပြုရာ နေရာတစ် နေရာနှင့် ကမ္ဘာပေါ်တွင် ဘက်စုံတိုးတက်သည့် အသုံးဝင်ဆုံးသော ရေနုတ်ဒေသ တစ်ခု အဖြစ် နမူနာယူစရာဖြစ်လာခဲ့ပါကြောင်း။

 

ထို့အတူ တရုတ်နိုင်ငံ ယန်စီမြစ်ဝှမ်း ဒေသသည် ယခင်က ရေလွှမ်းမိုးမှုပုံမှန် ဖြစ်လေ့ ရှိသဖြင့် လူသန်းရာပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေကာ လူမှုစီးပွားဘဝများ ပျက်စီး ခဲ့ကြရပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ယန်စီမြစ်ဝှမ်းထိန်းသိမ်းရေး (Yangtze River water conservancy commence) ကော်မရှင် ဖွဲ့စည်း၍ မြစ်ကျဉ်း သုံးသွယ်စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် လုံးဝပြီးစီးခဲ့ပြီး ရေလွှမ်းမိုးမှုကာကွယ်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းကြောင့် မြစ်ကြေဒေသများတွင် ရေလွှမ်းမိုးမှုဒဏ်ကို ကာကွယ်နိုင်ခဲ့သည့်အပြင် ရင်းနှီးမြှုပ်နှံသူများ ပိုမို ဆွဲဆောင်နိုင်ခဲ့ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်း၊ ရေကြောင်းသွားလာမှု ပိုမို အဆင်ပြေစေခြင်းနှင့် မိုးခေါင်ရေရှားမှုကို လျော့ပါးစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခံစားခဲ့ရပြီး လူနေ ထူထပ်သော ရေအရင်းအမြစ် အကြွယ်ဝဆုံးနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အရှိဆုံးသော ဒေသတစ်ခုဖြစ်လာခဲ့ပါကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် Yangtze River စီးပွားရေးဇုန်၏ ဝင်ငွေသည် တရုတ်နိုင်ငံ GDP ၏ ၂၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း။

 

ထို့အပြင် ဩစတြေးလျ၊ ဂျာမနီ၊ပြင်သစ်နှင့် နယ်သာလန်တို့ရှိ Murray – Darling Rhine, Maas နှင့် Scheldt မြစ်ဝှမ်းဒေသတို့ တွင်လည်း ရေလွှမ်းမိုးမှုနှင့် ဒီရေမုန်တိုင်း အန္တရာယ် တို့မှ ကာကွယ်နိုင်ရန် ရေလွှမ်းမိုးမှု ကာကွယ်ရေး စီမံကိန်းကြီးများ တည်ဆောက်ခြင်း၊ ရေသဘာဝပတ်ဝန်းကျင်အား ကာကွယ်နိုင်သော ဘက်စုံကုစားသည့် ကြိုးပမ်းမှုများ ဆောင်ရွက်ခြင်း၊ ဂေဟစနစ်ပျက်ယွင်းစေမှုကို ကာကွယ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့အား အလေးထားလုပ်ဆောင်ခဲ့ကြကြောင်း။

 

မြန်မာနိုင်ငံတွင်လည်း ရေလွှမ်းမိုးမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အဓိကမြစ်ကြီးများတွင် ပြီးပြည့်စုံသည့် ဘက်စုံပါဝင်သော Water Basin စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးမှုအစီအမံများ ပြုလုပ်ခြင်း၊ ရာသီအလိုက် ရေစီးဆင်းမှုကို ထိန်းညှိနိုင်ရန် ရေထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ မြစ်ကြောင်းများအတွင်း ရေကြီးမှု ထိန်းချုပ်နိုင်မည့် တာတမံများ တည်ဆောက်ခြင်း၊ ပေါင်းစည်းမြစ် စီမံခန့်ခွဲမှု စနစ်များ တည်ဆောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်မှု အားကောင်းစေခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အတွက် မြစ်ဝှမ်းဒေသ အာဏာပိုင်ဆိုင်ရာ ဖွဲ့စည်းမှုဥပဒေများ ရေးဆွဲပြီး ဥပဒေနှင့်အညီ မြစ်ဝှမ်းဒေသ အာဏာပိုင်အဖွဲ့အား ဖွဲ့စည်းနိုင်ရေးလုပ်ငန်း စဉ်တစ်ရပ်အနေဖြင့် ချမှတ်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က မြန်မာနိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ခဲ့မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦဝဏ္ဏမောင်လွင် က သဘာဝဘေးဒဏ်သင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာမှ နည်းပညာ နှင့် အကူအညီအထောက်အပံ့များ ရရှိရေး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့မှု အခြေအနေ များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က သဘာဝဘေးဒဏ်သင့်ဒေသများ အမြန် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အကြံပေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာဇော်ဦးက ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ၊ ဇုန်လိုအပ်ချက်များဆန်းစစ် ချက်အစီရင်ခံစာ ရေးဆွဲခဲ့မှုနှင့် ရေရှည် တည်တံ့သည့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ မူဘောင်တစ်ရပ်ရေးဆွဲရန် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ၂ဝ၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ ဘေးဒဏ်သင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မူလအခြေအနေထက် သာလွန် ကောင်းမွန်အောင် ကူညီ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု အခြေ အနေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ထိန်းသိမ်းရေး အခြေအနေများကို လည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက ဒေသနှင့် ပြည်နယ်အလိုက် လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံသည် ၂ဝ၁၆ ခုနှစ်အတွင်း အဆိုးရွားဆုံးသော ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် အယ်လ်နီညို ရာသီဥတုကြောင့် အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပါကြောင်း၊ နောက်ဆက်တွဲ ပြဿနာများအဖြစ် အစာရေစာ ရှားပါးပြတ်လပ်ခြင်း၊ ရောဂါဘယများ ကျရောက်ခြင်း၊ အပူရှိန်လွန်ကဲ၍ တောမီး လောင်ခြင်း စသောပြဿနာများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း၊ ၁၉၉၇-၁၉၉၈ ခုနှစ် အယ်လ်နီညို ရာသီဥတုကြောင့် မြို့ကြီး ၁၈ မြို့၌ အပူချိန်အမြင့်ဆုံး စံချိန်သစ်များတင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံး စံချိန်သစ်များ တင်ခဲ့မှုကို သမိုင်းမှတ်တမ်းများ အရ သိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အယ်လ်နီညို ကာကွယ်ရေး အစီအမံများ စနစ်တကျ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အလှူငွေ ရရှိမှု၊  သုံးစွဲမှုနှင့် လက်ကျန်ငွေစာရင်း

စဉ်

ရန်ပုံငွေအမျိုးအစား

မူလရှိငွေ

သုံးစွဲငွေ

လက်ကျန်ငွေ

၁။

အမျိုးသားသဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (OA-011834)

မြန်မာကျပ်ငွေ

(၁၃၁၇၈ ဒသမ ၁၃၇) သန်း

မြန်မာကျပ်ငွေ

(၆၀၂၆ ဒသမ ၉၂၃) သန်း

မြန်မာကျပ်ငွေ

(၇၁၅၁ ဒသမ ၂၁၄) သန်း

၂။

Natural  Disaster Management  Fund (1DA-0300086)

အမေရိကန်ဒေါ်လာ

(၄ ဒသမ ၈၄၆) သန်း

အမေရိကန်ဒေါ်လာ

(၂ ဒသမ ၂၇၁) သန်း

အမေရိကန်ဒေါ်လာ

(၂ ဒသမ ၅၇၅) သန်း

                   

သဘာ၀ဘေးအန္တရာယ် ဖြစ်ပေါ်ပါက အသင့်အနေအထားရှိစေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းများဖွင့်လှစ်ခဲ့မှု၊ သင်တန်းသားများ မွေးထုတ်ပေးနိုင်မှုနှင့် ဟောပြောပွဲများ ပြုလုပ်နိုင်မှု အခြေအနေ

စဉ်

ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်း/ဟောပြောပွဲ အမျိုးအစား

အကြိမ်

သင်တန်းသား/သူဦးရေ

၁။

သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း

(၁၃၈) ကြိမ်

(၆၁၉၅)ဦး

၂။

သဘာ၀ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်း

(၂၆) ကြိမ်

(၁၃၉၁) ဦး

၃။

သဘာ၀ဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း

(၄၈)ကြိမ်

(၁၄၄၀)ဦး

၄။

သဘာ၀ဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်း

(၁၂)ကြိမ်

(၆၇၇) ဦး

၅။

ရပ်ကွက်/ကျေးရွာအဆင့် အသိပညာပေး ဟောပြောပွဲ   

(၆၄၇) ကြိမ်   

(၉) သောင်းကျော်

 

 

                   

                             

                             

                   

                   

       

www.president-office.gov.mm
This is the official website of Myanmar President Office