You are here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့ တက်ရောက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၂၁

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊  မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊  ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ကစပြီး အထူး စီးပွားရေးဇုန်များ အကောင်အထည်ဖော်မှုကို မူဝါဒပိုင်းအဆင့် (Policy Level)၊ ညှိနှိုင်းမှုအဆင့် (Coordination Level)၊ အကောင်အထည်ဖော်မှု အဆင့် (Implementation Level) များတွင် ညှိနှိုင်းဆောင်ရွက်မှုများကို အသီးသီး ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။ ယခုဆောင်ရွက်မှုများ၏ အသီးအပွင့်ကို နောင်တစ်ချိန်တွင် ခံစားနိုင်ရေးအတွက် အစိုးရအဆက်ဆက် လက်ဆင့်ကမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူ အသီးသီးအနေဖြင့် မိမိတို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စရပ်များကိုလည်း အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။

 

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းဧရိယာများ အကောင်အထည်ဖော်နိုင်မှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအတွက်သာမက ဒေသတွင်း နိုင်ငံများအတွက်လည်း အကျိုး ကျေးဇူးများ ရရှိမည် ဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းဖြင့် စီမံကိန်း အကောင်အထည်ဖော်မှု ပိုမိုထိရောက် မြန်ဆန်လာမည် ဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း။

 

သီလဝါအထူးစီးပွားရေးဇုန်သည် ဂျပန်နိုင်ငံ၏ စိတ်ပါဝင်စားမှုအပြည့်အဝ ရရှိခဲ့သဖြင့် အောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ရန် လုပ်ငန်း အဆင့်အဆင့်ကို သတ်မှတ်ချိန်များအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

 

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် အကြံပေးကုမ္ပဏီ၊ မြန်မာနိုင်ငံဘက်နှင့် Preferred Bidder တို့အကြား တင်ဒါရလဒ် ကြေညာနိုင်ရန်အတွက် ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း၊ သို့မှသာ နောင်အစိုးရအနေဖြင့် အလွယ်အကူ ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။

 

မိမိတို့ လက်ရှိဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန်များသည် ပင်လယ်ကမ်းရိုးတန်း၊ ရေဆိပ် လမ်းကြောင်းများအပေါ်တည်ရှိပြီး မိမိနိုင်ငံအတွက်သာမက အာဆီယံနိုင်ငံများ အတွက်လည်း connectivity ရှုထောင့်ကကြည့်လျှင် အရေးကြီးသည့် မဟာဗျူဟာ ကျသောနေရာတွင် ရှိသဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ဆွေးနွေးတင်ပြရာတွင် မြန်မာနိုင်ငံရှိ ထားဝယ်၊ ကျောက်ဖြူနှင့် သီလဝါ ဟူ၍ အထူးစီးပွားရေးဇုန် ၃ ခု စတင်ဆောင်ရွက်ခဲ့ရာ အထူးစီးပွားရေးဇုန်များ အကောင် အထည်ဖော်မှုကို ကြီးကြပ် ကွပ်ကဲနိုင်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာ ဇုန်အလိုက် စီမံခန့်ခွဲမှု ကော်မတီများကို စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ နောင်ပေါ်ထွန်းလာမည့် အစိုးရသစ်လက်ထက်တွင် အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားနိုင်ရန် အထူး စီးပွားရေးဇုန်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကိုလည်း ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၅ ဖြင့် ထုတ်ပြန် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

 

အထူးစီးပွားရေးဇုန် (၃) ခုလျာထားခဲ့ရာတွင် အောင်မြင်မှုအရှိဆုံးနှင့် လက်တွေ့ စတင် ဖော်ထုတ် နိုင်သည်မှာ သီလဝါအထူးစီးပွားရေးဇုန်ပင် ဖြစ်ပါကြောင်း။ သီလဝါ အထူး စီးပွားရေးဇုန် ပထမ အဆင့် (၁) အနေဖြင့် ဟက်တာ ၄၀၀ ရှိသည့် Residential Area နှင့် Commercial Area ကို လုပ်ဆောင်မည် ဖြစ်ပါကြောင်း။

 

ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၏ ဒုတိယအဆင့်အနေဖြင့် ဟက်တာ ၇၀၀ ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဟက်တာ (၇၀၀) အကောင် အထည်ဖော်မည့် MOU စာချုပ် လက်မှတ်ရေးထိုးရန်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် အစည်းအဝေး ကျင်းပ ခဲ့ပါကြောင်း။

 

အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်နိုင်မှုနှင့် ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေမှု အခြေအနေကို သုံးသပ်ရလျှင် ထားဝယ်အထူးစီးပွားရေးဇုန်၌ Roland Berger ကုမ္ပဏီအနေဖြင့် Project Management Office (PMO) အဖြစ် ဆက်လက် ဆောင်ရွက်ပြီး ကနဦးစီမံကိန်းများ ပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း။

 

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း (၁၂) နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး ကုမ္ပဏီ ၄၆ ခုအား ဖွဲ့စည်း မှတ်ပုံတင် ပေးခဲ့ပါကြောင်း၊ ကုမ္ပဏီ ၄၈ ခု၏ ရင်းနှီး မြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ  သန်း ၅၀၀ ကျော် ရှိပြီဖြစ်ပါကြောင်း။

 

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် လမ်းညွှန်အသုံးပြု ဆောင်ရွက်နိုင်မည့် ဒေသလွှမ်းခြုံပင်မစီမံချက် (Regional Master Plan) ကို CPG အကြံပေး ကုမ္ပဏီအုပ်စုမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အပြီးသတ် ရေးဆွဲ ထားရှိပြီး ဖြစ်ပါကြောင်း။ ဒေသ လွှမ်းခြုံ ပင်မစီမံချက် (Regional Master Plan) တွင် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင် မြို့နယ်တို့ပါဝင်ပြီး ကျောက်ဖြူဒေသ တစ်ခုလုံး လွှမ်းခြုံပါဝင်ပါကြောင်း၊ ဒေသလွှမ်းခြုံပင်မ စီမံချက် (Regional Master Plan) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁၉/၂၀၁၅) ကြိမ်မြောက် အစည်းအဝေး မှ အတည်ပြုပြီး ဖြစ်ပါကြောင်း။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်နေရာအတည်ပြု တိုင်းတာသတ်မှတ် ကြေညာရန်အတွက် တိုင်းတာပြီးစီးသည့် မြေဧရိယာ၄၂၈၉ ဒသမ ၃၂ဧကအား အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပြီး အတည်ပြုချက် ရရှိသည်နှင့် အမိန့် ကြော်ငြာစာ ထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဗဟိုအဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းတို့က ဇုန်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာသူများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် တင်ဒါရလဒ်ကြေညာနိုင်ရန်အတွက် ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း၊ မိမိတို့လက်ရှိ ဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန်များ အားလုံး သည်မိမိနိုင်ငံနှင့် ပြည်သူများအတွက်သာမက ဒေသတစ်ခုလုံးအတွက် အကျိုးရှိမည် ဖြစ်၍ သတ်မှတ်ချိန်များအတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office