You are here

အနာဂတ်တွင် ငွားငွားစွင့်စွင့် ပွင့်လန်းစေမည့် ပန်းပျိုးလက်၏ ပညာရေးကြိုးပမ်းမှုများ

အနာဂတ်တွင် ငွားငွားစွင့်စွင့် ပွင့်လန်းစေမည့် ပန်းပျိုးလက်၏ ပညာရေးကြိုးပမ်းမှုများ

Printer-friendly versionSend by email

ကမ္ဘာ့နိုင်ငံများ၏ ၂ဝ၁၅ အလွန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွင် ''အားလုံးပါဝင်နိုင်ပြီး တန်းတူညီမျှသည့် အရည်အသွေးမြင့်မားရေးနှင့် တစ်သက်တာ သင်ယူနိုင်မည့် အခွင့်အလမ်းများ မြှင့်တင်ရေး''ဟူသည့် ပညာရေးနှင့်ဆက်စပ်သည့် ဦးတည်ချက် တစ်ရပ်လည်း ပါဝင်သည်။

 

မျက်မှောက်ခေတ်သည် ပညာရေးနှင့် ပတ်သက်ပြီး ပညာခေတ်ကို ဖော်ဆောင်ပေးလျက် ရှိသည့် ရာစုနှစ်ဖြစ်သည်။ သို့အတွက် ပညာရည်ပြည့်ဝသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည့် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များမွေးထုတ်ပေး ခြင်းသည်လည်း အဓိက ပဓာနကျပေသည်။

 

အခမဲ့ပညာရေး

အစိုးရသစ်လက်ထက် မတိုင်မီက ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူမှု နှုန်းသည် ၉၈ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့သည်။ အစိုးရသစ်လက်ထက် အမျိုးသား ပညာရေး ဖွံ့ဖြိုးမှု နှစ်ရှည်စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကာ မသင်မနေရ အခမဲ့ ပညာရေးစနစ်ကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး၏ ပညာ သင်ကြားမှုတိုးတက်မှုနှုန်းသည် ၉၈ ဒသမ ၇၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

 

အခမဲ့ဖြန့်ဝေ

ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် (၈) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော ''မသင် မနေရ အခမဲ့မူလတန်းပညာရေးစနစ်'' ကို ၂ဝ၁၁ - ၂ဝ၁၂ ပညာသင်နှစ်တွင် စတင် ဖော်ဆောင်ပေးခဲ့သည်။ ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်တွင် အလယ်တန်းပညာရေးအဆင့်၊ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အထက်တန်း ပညာရေးစနစ်သို့ ဖော်ဆောင်ပေးခဲ့သည်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေ ရေးအတွက် ယခုပညာသင်နှစ်တွင် အလယ်တန်းအဆင့်အား ကျောင်းသုံးဖတ်စာ၊ ဗလာစာအုပ်နှင့် ဝတ်စုံများ၊ အထက်တန်း အဆင့်တွင်လည်း ကျောင်းသုံးဖတ်စာများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ဗိုလ်တထောင်မြို့နယ် အခြေခံပညာ ဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးမြင့်အောင် က ''အစိုးရသစ် သက်တမ်းကာလအတွင်းမှာ ပညာရေးပိုင်းနဲ့ပတ်သက်ပြီး အများကြီး တိုးတက် လာတာတွေ့ရတယ်။ အခု မူလတန်း၊ အလယ်တန်းပိုင်းမှာ မသင်မနေရ ဖြစ်လာ တယ်။ ပညာသင်ထောက်ပံ့ကြေးမှာလည်း စာပေထူးချွန်တဲ့ကလေးတွေ ဂုဏ်ပြုရုံသာမက ထောက်ပံ့မှုလိုအပ်နေတဲ့ ကလေးတွေကို လည်း ကူညီဖြည့်ဆည်းပေးတာ တွေ့ရတယ်။

 

ပညာရေးဘတ်ဂျက်တွေ တိုးချထားပေးတယ်။ အခု နှစ်နှစ်အတောအတွင်းမှာ ဌာနတွင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေ ပြင်ဆင်သင့်တာ၊ ဆောက်ပေးသင့်တာတွေ လုပ်ပေးတယ်။ ဒါကြောင့် ကျောင်းတွေရဲ့ ဥပဓိရုပ်တွေ အများကြီးကောင်းသွားတယ်။ ဒါက ဆရာတို့က တိုးတက်မှုလို့မြင်ပါတယ်''ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

 

အခြေခံကျောင်းနှင့် ဆရာ၊ ဆရာမများ ဖြည့်ဆည်း

အဆိုပါ ပညာသင်ယူမှု တိုးတက်များပြားလာခြင်းနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် ယခင် ၂ဝ၁ဝ ခုနှစ်၌ အခြေခံပညာ ကျောင်းပေါင်း ၄ဝ၈ဝ၁ ကျောင်းသာရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ထပ်မံ၍ ကျောင်းပေါင်း လေးထောင်ကျော် တိုးတက် ဖွင့်လှစ်နိုင်ခဲ့သည်။

 

ထိုနည်းတူ အခြေခံမူလတန်းအဆင့် ပြီးဆုံးသည့် ကျောင်းသား ကျောင်းသူများကို အလယ်တန် အဆင့်၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်သို့ လွယ်လင့်တကူ တက်ရောက်နိုင်ရန် ကျောင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နှစ်စဉ် တိုးတက်ကာ ဖွင့်လှစ်ပေးခဲ့သည်။ ထို့အတူ တိုးတက်နေ သည့် ကျောင်းသားဦးရေအပေါ် မူတည်ပြီး ဆရာ ဆရာမလိုအပ်ချက်ကို ဖြည့်ဆည်းပေး လျက်ရှိသည်။

 

နေ့စားလပေးမူလတန်းပြဆရာ ဆရာမများ ခန့်ထားနိုင်ရန် ဆောင်ရွက်ရာတွင် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၌ ကျေးလက်ဒေသများနှင့် ဝေးလံခက်ခဲဒေသများတွင် ဘွဲ့ရဒေသခံ များကို ဦးစားပေးကာ ၂ဝ၁၄ ကျောင်းဖွင့်ရာသီတွင် ခန့်ထားပေးခဲ့သည်။

 

တိုင်းရင်းသားဘာသာ သင်ကြားရေး

ကျောင်းချိန်ပြင်ပ တိုင်းရင်းသား ဘာသာစကားသင်ကြားနိုင်ရေးအတွက်၂ဝ၁၄ - ၂ဝ၁၅ ပညာသင်နှစ်မှ စတင်ကာ မွန်၊ ရခိုင်၊ ပအိုဝ်း၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုး ကရင်ဘာသာများကို သင်ကြားပေး လျက်ရှိသည်။ ထို့ပြင် ရှမ်း(တိုင်းလုံ၊ တိုင်းနိုင်း)၊ အင်းသား၊ ဓနု၊ ပလောင်၊ အာခါ၊ လားဟူ၊ နာဂ၊ ကယား၊ ကယန်း၊ ကယော၊ ကချင် (ဂျိမ်းဖော၊ ဇိုင်ဝါး၊ လချိတ်၊ လော်ဝေါ်)၊ ချင်း (ဟားခါး၊ ဖလမ်း၊ တီးတိန်) စသည့် တိုင်းရင်သားစာပေစာအုပ်များကို ပြုစု စိစစ်ပြီး ရိုက်နှိပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 

ကိုယ်ပိုင်ကျောင်းနှင့် ရပ်ရွာပဒေသာဌာန

နိုင်ငံအတွက် လူ့စွမ်းအားအရင်း အမြစ်များ လေ့ကျင့်မွေးထုတ်ပေးသည့် ပညာရေးကဏ္ဍ တွင် အစိုးရတစ်ခုတည်း ဖော်ဆောင်နေရာမှ ပုဂလိကကဏ္ဍကိုလည်း ပူးပေါင်း ပါဝင် လိုစေသည့်အတွက် အစိုးရသစ် လက်ထက်တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အထိ ကိုယ်ပိုင်စာသင်ကျောင်း ၂၈ဝ ကို ဖွင့်လှစ်ခွင့်ပြုပေးခဲ့သည်။

 

ပုံမှန် ပညာရေးအဆင့်သို့ တက်ရောက်ရန် လူမှုဘဝ အခက်အခဲများကြောင့် စာသင် ကျောင်းသို့ မရောက်ရှိနိုင်သည့် ကလေးများ ကို နှစ်နှစ်တာကာလအတွင်း အဆင့်နှစ်ဆင့် ခွဲပြီး မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်၌ ဆက်လက်သင်ယူနိုင်သည့် ကျောင်း ပြင်ပပညာရေးကိုလည်း တိုးချဲ့စီစဉ်ပေးထားသည်။ ဝင်ငွေအခက်အခဲကြောင့် ပညာ ဆက်လက်ဆည်းပူးလိုသူတို့အတွက် စာဖတ် ရှိန်မြှင့်တင်ရေး၊ အရည်အသွေးမြင့်ဘဝ မြှင့်တင်ရေး စသည့် စဉ်ဆက်မပြတ်ပညာရေး အစီအစဉ်တစ်ခုဖြစ်သည့် ရပ်ရွာပဒေသာ ဌာနကို ၂ဝ၁၄ခုနှစ်မှ ယခုအချိန်အထိ ၃ဝ၇၇ ခု ဖွင့်လှစ်တည်ထောင်ပေးထားပြီးဖြစ်သည်။

 

ပညာသင်ထောက်ပံ့

ပညာရေးနှင့် ပတ်သက်သော ချီးမြှင့် ထောက်ပံ့မှုများတွင်လည်း ပညာသင်ကြားရန် ချို့တဲ့သော ကလေးများအတွက် ပညာသင် ထောက်ပံ့ခြင်းအဖြစ် အလယ်တန်းပညာ သင်ဆုအတွက် ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ လစဉ်ငွေကျပ်တစ်သောင်းခွဲနှုန်း၊ အထက်တန်း ပညာသင်ဆုအတွက် နဝမတန်းနှင့် ဒသမ တန်းအတွက် လစဉ်ငွေကျပ် သုံးသောင်းနှုန်း ထောက်ပံ့ပေးနေလျက်ရှိသည်။ ဘက်စုံပညာ ထူးချွန်ဆုကိုမူ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းကျောင်းသား ကျောင်းသူများကို ရွေးချယ်ပေးအပ်လျက်ရှိသည်။

 

ပြုပြင်ပြောင်းလဲရေးကာလ အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာအဆင့် အရည်အသွေး ရှိသော ပညာရေးစနစ်ဖော်ဆောင်ရန် ဒသမတန်းကို စစ်ဆေးခြင်းကဲ့သို့ အခြေခံပညာ မူလတန်းအဆင့်ဖြစ်သည့် စတုတ္ထတန်းကို ခရိုင်အဆင့်စာမေးပွဲဖြင့် လည်းကောင်း၊ အခြေခံ ပညာအလယ်တန်းအဆင့်ဖြစ်သည့်အဋ္ဌမတန်းကို တိုင်းဒေသကြီး/ပြည်နယ် အဆင့် စာမေးပွဲဖြင့် လည်းကောင်း၊ ပညာ အရည်အသွေး အကဲဖြတ်မှုအဖြစ် ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည်။

 

ဘက်စုံထူးချွန်နှင့် ကင်းထောက်များဖွဲ့စည်း

ဆင်းရဲနွမ်းပါသည့် ကလေးများအတွက် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်များ၊ ထူးချွန်ထက်မြက်သည့် ကလေးများအတွက် ဘက်စုံပညာထူးချွန်လူငယ်အစီအစဉ်များ၊ ကင်းထောက်အဖွဲ့များ ဖွဲ့စည်းရေးအစီအစဉ် နှင့် ပညာသင်ဆုများချီးမြှင့်ရေးအစီအစဉ် များကို အစိုးရသစ်လက်ထက်၌ ပိုမိုတိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

 

လူရည်ချွန်ဆုကို ယနေ့အထိ ၇ဝဝဝ ကျော် ရွေးချယ်ထားပြီး ကင်းထောက်လူငယ် ကိုလည်း ယနေ့အထိ ၄ဝဝဝဝ ကျော်တိုးချဲ့ ဖွဲ့စည်းနိုင်ပြီဖြစ်သည်။

 

KG + 12 စနစ်

အာဆီယံဒေသတွင်း နိုင်ငံများနှင့် နိုင်ငံ တကာတွင် ကျင့်သုံးနေသည့် အခြေခံပညာ ရေးစနစ်ဖွဲ့စည်းမှုပုံစံများကို နိုင်ငံတကာ အဆင့်အဖြစ်ပြောင်းလဲပြီး လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌KG + 12 စနစ် (KG + ၅ – ၄ - ၃) ပညာသင်နှစ်ကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်နိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို ယူနီဆက်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုအချိန် တွင် ဆရာကိုင်အဆင့်ပြီးစီးနေပြီး သင်ကြားပေးမည့် ဆရာ ဆရာမများကိုလည်း သင်တန်းများပေးနိုင်ရန် စီစဉ်လျက်ရှိ သည်။

 

ဆရာ ဆရာမများ၏ သင်ကြားမှုအရည် အသွေးများတိုးတက်စေရန် ပညာရေး တက္ကသိုလ် များနှင့် ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်သင်တန်းများ၊ ဘာသာရပ် မွမ်းမံသင်တန်းများကို တိုးချဲ့ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများသို့ သင်တန်းနှင့် ဆွေးနွေးပွဲ များ တက်ရောက်စေရန် စေလွှတ်ပေးလျက် ရှိသည်။

 

စာတတ်မြောက်မှုတိုးတက်

ရှေးဘုရင်များ လက်ထက်ကတည်းက ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ စာတတ် မြောက်ရေးလုပ်ငန်းကိုလည်း ဆက်လက် တိုးမြှင့်ဆောင်ရွက်မှုကြောင့် ယခုအစိုးရသစ် ကာလတွင် အခြေခံစာတတ်မြောက်မှုနှုန်းမှာ ၉၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိလာသည်။

 

အဆင့်မြင့်ပညာ အရည်အသွေး တိုးမြှင့်

အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်၍လည်း တက္ကသိုလ်ကျောင်းများ၌ အရေအတွက် ထက် အရည်အသွေး ပိုမိုတိုးမြင့်စေရန် ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။ ယခင်က တက္ကသိုလ်ပညာရေးကို အချိန်တို ကာလ တက်ရောက်သင်ယူခြင်းကို ဖျက်သိမ်း ကာ နှစ်ပြည့် သင်ယူတက်ရောက်သည့် စနစ်ကို ပြန်လည်ဖော်ဆောင်ပေးခဲ့သည်။

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်များ တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ပေးနေသကဲ့သို့ သင်ကြား ရေးအစီအစဉ်များကိုလည်း ထပ်မံတိုးချဲ့ခဲ့ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၏ သင်ကြားရေးအစီအစဉ်ကို ၄ဝ၈ ခုအထိ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

 

တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်များ၏ သင်ရိုးနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ အာဆီယံအဆင့်မီဖြစ်ရေးအတွက် ပုံမှန် ပြန်လည်ဆန်းစစ်ခြင်း လုပ်ငန်းများကို တက္ကသိုလ်အသီးသီးရှိ ဘာသာရပ်ဌာနအသီး သီးမှ ဆရာ ဆရာမများက အိုင်တီနည်းပညာများ အသုံးပြုကာ ဆောင်ရွက်လျက်ရှိသည်။

 

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အတွက် လိုင်းအား ကောင်းသော မြန်နှုန်းမြှင့် အင်တာနက်လိုင်းများကို တပ်ဆင်အသုံးပြုကာ ဝိုင်ဖိုင်စနစ် ကိုလည်း ရရှိရန် ဆောင်ရွက် လျက်ရှိသည်။

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တစ်ခုနှင့်တစ်ခု အစည်းအဝေးများ ပြုလုပ် နိုင်ခြင်း၊ သင်ကြားရေးဆွေးနွေးနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် လိုအပ် သော ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် Video Conferencing တပ်ဆင်ဆောင်ရွက် ပေးထားသည်။

 

၂ဝ၁၂ ခုနှစ်မှ ယနေ့အထိ ဂျာမနီ၊ ဘရူနိုင်း ဒါရုဆလမ်၊ အမေရိကန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံများမှ ပညာရှင်များက ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ အင်္ဂလိပ်ဘာသာစကား တက္ကသိုလ်၊ အမျိုးသားဗဟိုဌာနတို့တွင် ကာလတို၊ ကာလရှည်သင်တန်းများ ပို့ချပေး လျက်ရှိပြီး ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

''အရင်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အစိုးရ အဖွဲ့အချင်းချင်း ဆက်သွယ်ကမ်းလှမ်းလာမှသာ စိစစ်စေလွှတ်ပေးခဲ့ပေမယ့် အခုအခါ အစိုးရအဖွဲ့အချင်းချင်း ဆက်သွယ်ကမ်းလှမ်း မှုသာမက အီးမေးလ်၊ အင်တာနက်၊ ဝက်ဘ် ဆိုက်များကတစ်ဆင့် ဆက်သွယ်ကမ်းလှမ်း လာမှုတွေကို ပညာသင်ဆုလျှောက်ထားလို သူတွေ လျှောက်ထားလာခြင်းကိုလည်း ဆောင်ရွက်ပေးနေပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

သမ္မတပညာတော်သင်ဆု

အရည်အချင်းရှိသည့် လူငယ်မျိုးဆက်သစ် ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ''နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရွေးချယ်ရေးကော်မတီ'' ကို ဖွဲ့စည်း ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ထူးချွန်လူငယ်၊ လူရွယ် ၁၁၇ ဦးကို ပထမအကြိမ်အဖြစ် ရွေးချယ်၍ နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုကို ချီးမြှင့်ပေးခဲ့သည်။

 

ထို့ပြင် ဝိဇ္ဇာ / သိပ္ပံဘာသာရပ် ၂ဝ အတွက် ဘာသာရပ်တစ်ခုစီတွင် ထူးချွန် ကျောင်းသား ၅ဝ စီ ရွေးချယ်၍ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပထမနှစ် သင်တန်းများ စတင်သင်ကြားပေးလျက်ရှိပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝိဇ္ဇာချွန်ဆု၊ သိပ္ပံချွန်ဆုများကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်၍ ချီးမြှင့်ပေးလျက် ရှိသည်။

 

အားကစားကဏ္ဍ မြှင့်တင်ပေးခြင်းတွင်လည်း တက္ကသိုလ်လက်ရွေးစင် အားကစားသမား များက အားကစားနည်းအလိုက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

 

အမျိုးသားပညာရေးဥပဒေ

ပညာရေးကဏ္ဍကို နိုင်ငံတကာ အဆင့်မီပညာရေးဖြစ်စေရန် ပညာရေးမူဝါဒများနှင့် ပညာရေးဥပဒေကို ပညာရှင်များက သုံးသပ် အကြံပြုရေးဆွဲ၍ အများဆန္ဒ သဘောထားများ ရယူပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက် တွင် အမျိုးသားပညာရေး ဥပဒေကို လည်းကောင်း၊ ၂ဝ၁၅ ခုနှစ် ဇွန် ၂၅ ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်းကောင်း ပြဋ္ဌာန်းခဲ့သည်။ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်များ တွင် ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းပြီးပါက မကြာခင်အသက်ဝင်လာပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

 

သို့ဖြင့် အစိုးရသစ် သက်တမ်းကာလအတွင်း ပညာရေးကဏ္ဍအတွက် ကြိုးပမ်း ဆောင်ရွက်မှု များကား အနာဂတ်ကာလတွင် ငွားငွားစွင့်စွင့် ပွင့်လန်းလာစေမည့် ပန်းပျိုး လက်၏ အောင်မြင်မှုပင်ဖြစ်သည်ဟု မှတ်ယူ မိပါသည်။ ။

 

 

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office