You are here

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမျိုးသားအဆင့် ကျန်းမာရေးညီလာခံသို့ တက်ရောက်

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမျိုးသားအဆင့် ကျန်းမာရေးညီလာခံသို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၂၈

အမျိုးသားအဆင့် ကျန်းမာရေးညီလာခံကို ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ညီလာခံတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှု၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စသည့် အသွင်ကူးပြောင်းရေး အခြေအနေကို ထင်ဟပ်၍ လူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ဖို့ ကျန်းမာရေးကဏ္ဍတွင် မြှုပ်နှံစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ယခုဖိုရမ်တွင် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပြည်သူလူထု ကျန်းမာကြံ့ခိုင်မှုကို ဗဟိုပြုရန် လိုအပ်သည့်အတွက် ကျန်းမာရေးကဏ္ဍတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါကြောင်း။

 

ယခုညီလာခံကြီးမှတစ်ဆင့် ၂၀၃၀ ခုနှစ် မြန်မာ့ကျန်းမာရေး ရည်မှန်းချက်နှင့်အညီ လူတိုင်း အရည်အသွေးပြည့် စောင့်ရှောက်မှုလုပ်ငန်းများ လက်လှမ်းမီ ရရှိနိုင်မည့် နည်းဗျူဟာများ နှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

 

ယခုကျင်းပသည့် ညီလာခံကို ကျန်းမာရေးကဏ္ဍ တိုးတက် ပြောင်းလဲမှုများနှင့် လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး လွှမ်းခြုံစောင့်ရှောက်မှုရရှိရေးနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် အစီအမံများအား အသိပေးတင်ပြနိုင်ရန်၊ ကျန်းမာရေးကဏ္ဍ အောင်မြင်မှု များနှင့် ရင်းနှီးမြှုပ်နှံလိုမှု စိန်ခေါ်မှုများနှင့်စပ်လျဉ်းသော အချက်အလက်များကို မီဒီယာများအား အသိပေး ဖြန့်ဝေနိုင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကိုလည်း ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု၏ အရေးပါပုံကို မီးမောင်းထိုးပြရန် စသည့် ရည်ရွယ်ချက် (၄) ရပ်ဖြင့် ကျင်းပမည် ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆန်းစစ်မှုအရ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေး လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေ သော်လည်း  စိန်ခေါ်မှုများစွာ ကျန်ရှိနေပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ အဆိုပြုတင်ပြသွားမည့် ရေရှည်တည်တံ့နိုင်သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို  ထောက်ခံကြိုဆိုပါကြောင်း၊ မကူးစက်နိုင်သော ရောဂါများ၊ ဦးစားပေးခြင်း မခံရသော အပူပိုင်းဒေသဆိုင်ရာရောဂါများနှင့် လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး စသည့်အကြောင်းအရာများ ပါဝင်သည့်အတွက် ဖြစ်ပါကြောင်း။

 

နိုင်ငံတော် အစိုးရအနေဖြင့် လူတိုင်း လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ပထမအဆင့်အနေဖြင့် ကမ္ဘာ့ဘဏ်၏ နည်းပညာနှင့်ငွေကြေးအကူ အညီဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခက်အခဲအနေဖြင့် ပထမအချက်မှာ ပြည်သူ လူထုအနေဖြင့် ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင် ဆောင်ရွက်ရေး လုပ်ငန်းများကို နားလည်သဘော ပေါက်ရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ သတင်းမီဒီယာ များသည်လည်း ပြည်သူ့ကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေပါကြောင်း။

 

 

ဒုတိယ အချက်မှာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးသည် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေကြောင်း၊ တတိယအချက်မှာ မကူးစက်တတ်သော ရောဂါ ဖြစ်ပွားမှု များသည်  ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာကြောင်း၊ စတုတ္ထအချက်မှာ ကျန်းမာရေးကဏ္ဍ အတွက် ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ခွင့်ပြုလျက် ရှိသကဲ့သို့  ဆက်လက်ပြီး တိုးမြှင့် အသုံးပြုနိုင်ရေး ဖြစ်ကြောင်း။

 

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးကဏ္ဍ အတွက် ဘဏ္ဍာငွေ (၇၅၃) ဘီလီယံကျပ် (အမေရိကန် ဒေါ်လာ ၆၀၂သန်း) ခွဲဝေပေးခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ခွဲဝေမှုထက် (၈ ဒသမ ၇) ဆခန့် ပိုမိုတိုးမြှင့် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဓိကလိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို ၂၀၁၁ ခုနှစ်က ထက် ၃၅ ဆ တိုးမြှင့်ဝယ်ယူနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၂ သန်းခန့်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ရန်ပုံငွေတိုးမြှင့်ပေးခဲ့သည့်အတွက် ရလဒ်အနေဖြင့် လူနာများမှ စိုက်ထုတ်ကုန်ကျရငွေသည် ၂၀၁၁ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း။

 

ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အခြေခံအဆောက်အဦများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးကို  တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်မှာ ၂၀၁၅ ခုနှစ် ဇွန်လအထိ ဆေးရုံများ တိုးချဲ့ ဖွင့်လှစ်မှုတွင် ၁၅ ရာခိုင်နှုန်း တိုးတက်လာပြီး ဆရာဝန်များ၊ သူနာပြုဆရာမများလည်း ၂၅ ရာခိုင်နှုန်းတိုးမြှင့် မွေးထုတ်နိုင်ခဲ့ပါကြောင်း။

 

ကျန်းမာရေးကဏ္ဍအတွက် ဆရာဝန်များ ခန့်ထားမှု ၃ ဆခန့်နှင့် သူနာပြုခန့်ထား အရေအတွက် ၃၇ ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့ပါကြောင်း၊  ဘဏ္ဍာငွေ တိုးမြှင့်နိုင်မှုနှင့်အတူ တောင်ကြီးမြို့တွင် ၄၆ ဧက ကျယ်ဝန်းသော မြေဧရိယာပေါ်၌ ဆေးတက္ကသိုလ်အသစ် တစ်ခု  ဖွင့်လှစ်သွားရန်ဖြစ်ပါကြောင်း။

 

ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အသွေးနှင့် အရည်အချင်း တိုးတက်လာစေရန် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင် သားဖွားမီးယပ်ပညာ၊ ကလေးဆေးပညာ၊ ရောဂါဗေဒ၊ မေ့ဆေးပညာ၊ ဓာတ်မှန်ပညာ၊ အရေးပေါ်ဆေးပညာများကို ဘွဲ့လွန် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ထမ်း ဆရာဝန်များနှင့် ဝန်ထမ်းမဟုတ်သော ပုဂ္ဂလိကဆရာဝန်များကိုလည်း သင်တန်းတက်ရောက်ခွင့်ရရန် စီစဉ်ပေးခဲ့ပါကြောင်း။

 

ပြည်တွင်းပြည်ပ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ အဓိကလိုအပ်ချက်သည် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက် လွှမ်းခြုံမှုရရှိရန်ဖြစ်ပြီး လူထုအခြေပြု အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည်လည်း အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ထို့အပြင် အပြည်ပြည်ဆိုင်ရာ အထောက်အပံ့များလည်း ဆက်လက် လိုအပ်နေဦးမည် ဖြစ်ပါကြောင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံရရှိရေး အတွက် ထောက်ပံ့နေသော ကမ္ဘာ့ဘဏ်ကိုလည်းကောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၂၀၁၃-၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၅၄ သန်းထောက်ပံ့နေသော ကမ္ဘာ့ ရန်ပုံငွေ အဖွဲ့ကိုလည်းကောင်း၊ မိခင်/ကလေးကျန်းမာရေးနှင့် ကျန်းမာရေးစနစ် တိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ပေးနေသော "ထောင်စုနှစ်သုံးမျိုး ရန်ပုံငွေ"အားလည်းကောင်း ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရည်မှန်းချက်ဖြစ်သည့် လူထုဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခု ညီလာခံမှ ရှေ့လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့မှ ပရော်ဖက်ဆာ ဒင်းန်ဂျမီဆွန် က ထွန်းသစ်စ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် ကျန်းမာရေး၏ အရေးပါမှု ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။

 

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က မြန်မာနိုင်ငံအတွက် ကျန်းမာရေးကဏ္ဍ ဦးစားပေးများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချယ်လ် က မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံံ႕ဖြိုးမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် ကျန်းမာရေးသည် အခြေခံအုတ်မြစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဟောင်း ပရော်ဖက်ဆာ ဒေါက်တာ ရီကတ်ပ်အက်ဒဂ်က ကျန်းမာရေးအတွက် ဦးဆောင်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးကြသည်။

 

ထို့နောက် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

 

ယင်းနောက် မျက်နှာစုံညီဆွေးနွေးခြင်းကဏ္ဍတွင် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးမှုလိုအပ်ချက်များ ခေါင်းစဉ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် ပြည်ကြီးခင်အဖွဲ့အစည်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းတို့က ဆွေးနွေးကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန မြေညီထပ်တွင် ခင်းကျင်းပြသထားရှိသည့် ရပ်ရွာပြည်သူ များ၏ ပြခန်းများကို ကြည့်ရှုလေ့လာသည်။

 

ထို့နောက် ညီလာခံကို အစီအစဉ်များအတိုင်း ကျင်းပခဲ့ရာ ဇူလိုင်  ၂၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော အစီရင်ခံစာများအရ မြန်မာပြည်သူများတွင် သွေးတိုးရောဂါဖြစ်ပွားခြင်း၊ အဝလွန်ခြင်းနှင့် ဆေးလိပ်/ ဆေးရွက်ကြီး သုံးစွဲခြင်းသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများထက် ပိုမိုမြင့်မားလျက်ရှိသည်။

 

ထို့ပြင် မြန်မာနိုင်ငံတွင် သေဆုံးမှု၏ ၅၉ ရာခိုင်နှုန်းမှာ မကူးစက်တတ်သော ရောဂါ များကြောင့် ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပြီး အသက် အရွယ် ၃၀ နှင့် ၇၀ နှစ်အကြားရှိသူများ၏ လေးပုံတစ်ပုံမှာ မကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးနိုင်ကြောင်းသိရသည်။

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office