You are here

စဉ့်ကူးမြို့နယ်၌ ကျူးကျော်ထွန်ယက်သူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တုတ်၊ လေးခွ၊ ကျောက်ခဲ များဖြင့် ပစ်ခတ်၊ တပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိပြီး ကျေးရွာသူတစ်ဦး ခြေသလုံး၌ မစိုးရိမ်ရ သေနတ်ဒဏ်ရာ တစ်ချက် ရရှိ

စဉ့်ကူးမြို့နယ်၌ ကျူးကျော်ထွန်ယက်သူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တုတ်၊ လေးခွ၊ ကျောက်ခဲ များဖြင့် ပစ်ခတ်၊ တပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိပြီး ကျေးရွာသူတစ်ဦး ခြေသလုံး၌ မစိုးရိမ်ရ သေနတ်ဒဏ်ရာ တစ်ချက် ရရှိ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၌ ဩဂုတ် ၁၄ ရက်တွင် ကျူးကျော် ထွန်ယက် သူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တုတ်၊ လေးခွ၊ ကျောက်ခဲများဖြင့် ဝိုင်းဝန်း ပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာများရရှိကာ ကျေးရွာသူတစ်ဦး ဝဲဘက်ခြေသလုံး၌ မစိုးရိမ်ရ သေနတ် ဒဏ်ရာတစ်ချက်ရရှိသွားခဲ့ကြောင်းသိရှိရသည်။

 

စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာအနီး ငွေတောင်ပြင်ပကွင်းမြေတွင် ဇွန် ၆ ရက်မှ စတင်၍ ညောင်ဝန်း ကျေးရွာသူ၊ ကျေးရွာသားများက ကျူးကျော်ထွန်ယက်မှု ၁၁ ကြိမ်နှင့် ပေါင်းရှင်း ဆိုင်းဘုတ်ထူမှု ၄ ကြိမ်ဆောင်ရွက်ခဲ့သဖြင့် သက်ဆိုင်ရာက တိုင်တန်းသည့်အတွက် လက်ပံလှရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ကျူးလွန်သူများအား သုံးကြိမ် ဆင့်ခေါ်သော်လည်း လာရောက်ခြင်း မရှိသည့်အပြင် ဆက်လက် ကျူးကျော်ထွန်ယက် နေသည့်အတွက် စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ညွှန်ကြားချက်အရ ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် မြို့နယ် စီမံခန့်ခွဲရေး ကော်မတီဝင်များ ပါဝင်သော စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ လက်ပံလှ ရဲစခန်းမှူး နှင့်အဖွဲ့တို့က ကျူးကျော် ထွန်ယက်သူများအား တားဆီးရန် သွားရောက်ခဲ့ကြောင်း သိရသည်။

 

လက်ပံလှ ရဲစခန်းမှူးနှင့်အဖွဲ့ ညောင်ဝန်းကျေးရွာသို့ ရောက်ရှိပြီး ကျူးလွန်သူများအား ခေါ်ယူရန် ဆောင်ရွက်စဉ် ကျူးကျော်ထွန်ယက်ရန် ဘောလုံးကွင်းတွင် စုဖွဲ့နေသော တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသည့် ရွာသူရွာသား ၂၀၀ ခန့်က တုတ်၊ လေးခွ၊ ကျောက်ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် သေနတ်တစ်ချက် ပစ်ခတ်သတိပေးခဲ့ရကြောင်း၊ ထို့နောက် လူအင်အား ၃၀၀ ခန့်ဖြစ်လာပြီး ရဲတပ်ဖွဲ့ဝင်များအား ဆက်လက် ပစ်ပေါက်ကာ ဝိုင်းဝန်းထားသဖြင့် အနီးရှိ အိမ်ဝင်းအတွင်း ဝင်ရောက်နေရာယူရန် ကြိုးစားခဲ့ရကြောင်း။

 

ဆက်လက်၍ လူအုပ်စုက ဝိုင်းဝန်းပိတ်ဆို့ကာ အတင်းဝင်ရောက်ရိုက်နှက်သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး၏ ရိုင်ဖယ်ပြောင်းကာ ကွဲထွက်သွားခဲ့ကြောင်း၊ ထို့နောက် ယင်းတပ်ဖွဲ့ဝင် အား နောက်ကျောဘက်မှ ထပ်မံ ရ်ိုက်နှက်ကာ လက်နက်ကိုဝင်ရောက် လုယက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်မှာ လဲကျသွားပြီး ကျည်ထွက်သွားခဲ့ရာမှ မစန်းကြင်နု (၃၅) နှစ်၏ ဝဲခြေသလုံး သို့ မစိုးရိမ်ရ ဒဏ်ရာတစ်ချက် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် သေနတ်ဖြင့် ၁၀ ချက် သတိပေးပစ်ခတ် ဟန့်တားခဲ့ရပြီး တပ်ဖွဲဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က အဆိုပါ ရဲကင်းစခန်းမှူးနှင့် အဖွဲ့အား အကူအညီပေးရန် အတွက် သွားရောက် ပူးပေါင်းဆောင်ရွက်စဉ် ရွာသူ၊ ရွာသား ၈၀၀ ခန့် ဖြစ်လာပြီး ထပ်မံ၍ တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က အင်အားသုံး ဖောက်ထွက်ပါက နှစ်ဦးနှစ်ဖက် အထိအခိုက် ရှိနိုင်သဖြင့် တစ်စုံတစ်ရာ ပြန်လည်ပစ်ခတ်မှု မပြုလုပ်ဘဲ ဒိုင်းများဖြင့်သာ ကာကွယ်ခဲ့ကြကြောင်း၊ ထိုအခြေအနေကို ထိန်းသိမ်းနိုင်ရန် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် ညောင်ဝန်းကျေးရွာ သုံးထပ် ဘုန်းကြီး ကျောင်းသို့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီဝင်များက သုံးထပ်ကျောင်း ဆရာတော် ဦးကေသရ ဦးစီးကျေးရွာရှိ ဘုန်းကြီးကျောင်း ၄ ကျောင်းမှ ဆရာတော်များ၏ ဩဝါဒကို နာခံ၍ ပြဿနာကို အေးချမ်းစွာ ဖြေရှင်းနိုင်ရေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့ညှိနှိုင်းမှုအရ ပိတ်မိနေသော မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့များအား သုံးထပ်ကျောင်း ဆရာတော် နှင့်အဖွဲ့မှတစ်ဆင့် ခေါ်ယူပြီး ပြန်လည်အပ်နှံပေးခဲ့ကြောင်း၊ ထို့နောက် ဆရာတော် ဦးကေသရက ပြည်သူများနှင့် သံဃာများကိုယ်စား ပြဿနာကို ပြေလည်အောင် ဆောင်ရွက်ပေးကြရန်၊ ဥပဒေအရ လုပ်ပေးနိုင်သည့် အတိုင်းအတာအထိ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်၊ ရွာသားများ အနေဖြင့်လည်း အဆိုပါကိစ္စကို သက်ဆိုင်ရာမှ ဆောင်ရွက်ပေးသည်ကို ယုံကြည်မှုရှိကြရန် မိန့်ကြားခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ကလည်း ဒေသခံများအား ဥပဒေနှင့်အညီ ကာကွယ်ပေးမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာ မြေ ကိစ္စများအား စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျေးရွာပြည်သူများ ဘက်ကလည်း ဥပဒေအတိုင်း အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ကြရန် လိုကြောင်း၊ တောင်သူများ အနေဖြင့် သိမ်းဆည်းမြေ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနေခြင်းနှင့် အချိန်ကာလ ကြန့်ကြာမှု အပေါ် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

 

ယခုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသည့်အပြင် တပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် ၁၀ စီး ရိုက်ချိုး ဖျက်စီးခံခဲ့ရကာ လက်ပံလှကျေးရွာမှ လောကဟိတ လူမှု ကူညီရေးအသင်းပိုင် စူပါကာစတန် မော်တော်ယာဉ်တစ်စီး ရှေ့လေကာမှန် အက်ကွဲခဲ့ကြောင်း၊ ညောင်ဝန်း ကျေးရွာမှ မစန်းကြင်နုအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပိုပြီး ဆေးကုသ ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

 

www.president-office.gov.mm
This is the official website of Myanmar President Office