You are here

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများအား ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၁၇

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် သံတွဲမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် အမ်းမြို့သို့ ရောက်ရှိကြပြီး ရွှေအမ်းတောင်ခန်းမ၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ လတ်တလော လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။

 

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတက ရခိုင်ပြည်နယ်ရှိ အမ်းမြို့နယ် အပါအဝင် မြို့နယ် (၁၄) မြို့နယ်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးဘေးဒဏ် ခံခဲ့ရပြီး လူ၊ တိရစ္ဆာန်၊ နေအိမ်၊ စာသင်ကျောင်း၊ လမ်းနှင့်တံတားများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အရေးပေါ် ကူညီ ထောက်ပံ့နိုင်ရန် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျခံ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ အမ်းမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် လမ်း၊ တံတား၊ စာသင်ကျောင်း စသည့် ဆုံးရှုံးနစ်နာမှုများကို အချိန်တိုအတွင်း ပြန်လည် တည်ဆောက်နိုင်ရန်ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင်ရေတို၊ ရေရှည် စီမံချက်များ ချမှတ်၍ ဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုလည်း ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနများက စီမံချက်များ ချမှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ရေဘေးကြောင့် လတ်တလော ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် ရေရှည်တွင် သဘာ၀ဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်မှုအတွက် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရန်နှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အတွင်း ရေ ဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက အမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၅) ရွာအတွက် လတ်တလော လိုအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့် ဆိုလာ မီးအိမ် များကို ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် အမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက အမ်း မြို့နယ်အတွင်း ယခုကဲ့သို့ ရေကြီးရေလျှံမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေဖြင့် လတ်တလော ရေဘေးကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်နေပါကြောင်း၊ ချောင်းများ၊ မြောင်းများ တူးဖော်ခြင်းနှင့် လမ်းတံတားများ တည်ဆောက်ပေးရန် စသည့်ကိစ္စရပ်များကို ရေရှည်စီမံချက်များ ချမှတ်၍ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များဖြစ်၍ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီး စီမံကိန်း လျာထားချက်တွင် ပါဝင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများ အနေဖြင့်လည်း ချောင်းနှင့် ရေနုတ်မြောင်းများ တူးဖော် ရှင်းလင်းဖယ်ရှားရာတွင် နိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း အမ်း မြို့နယ် ပြည်သူများ၏ တင်ပြချက်များကိုလည်း တတ်နိုင်သရွေ့ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အမ်းမြို့နယ်ရှိ လုံးကျေးရွာသို့ ရောက်ရှိကြပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ဒေသခံ များ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို မေးမြန်းသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လတ်တလော လိုအပ်သည့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ရေးဘေးသင့် လုံးကျေးရွာ အတွက် ဆန်၊ ဆီ၊ ပဲ၊ အဝတ်အထည်၊ ခြင်ထောင်၊ စောင်စသည့် ထောက်ပံ့ပစ္စည်းများနှင့် ဆိုလာ မီးအိမ်များကို ရေဘေးသင့်ပြည်သူများထံ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အမ်းမြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြပြီး ရန်ကုန် ပြည်သူ့ ဆေးရုံကြီး Training Centre ၌ကျင်းပသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ပြုပြင် မွမ်းမံ ပြင်ဆင်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ မွမ်းမံပြင်ဆင် ခဲ့သည်မှာ တစ်နှစ်ကျော် ကာလကြာမြင့်ခဲ့ပြီး ပြုပြင်မှုများလည်း အတော်အတန် ခရီး ရောက်နေပြီ ဖြစ်ပါကြောင်း၊ အဆိုပါပြုပြင်မွမ်းမံမှုများနှင့် ပတ်သက်၍ ပြည်သူများ၏ သဘောထားကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ တိုးချဲ့ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ တိုးတက်မှုရှိလာပြီ ဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါကြောင်း၊ ယင်း လိုအပ်ချက်များကို ဆပ်ကော်မတီအသီးသီးက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အချိန်မီ ပြီးစီး နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရန် ပြောကြားသည်။

 

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ရန်ကုန်ဆေးရုံကြီး၏ တိုးချဲ့ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လျှပ်စစ်မီး ကဏ္ဍ စီစဉ်ဆောင်ရွက်ထားရှိမှု၊ တိုးချဲ့ (၅) ထပ်ဆောင်သစ်သို့ လူနာများ ရွှေ့ပြောင်း ထားရှိမှု၊ ခွဲစိတ်ခန်းသုံးပစ္စည်းနှင့် စက်ကိရိယာများ ဖြည့်ဆည်းပေးနိုင်မှု၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပင်မဆောင် အကြီးစား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆေးရုံကြီး ဘက်စုံ ပြုပြင်မွမ်းမံမှုအတွက် ဘဏ္ဍာရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှု အခြေအနေများကို မှတ်တမ်း ဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးဒေါက်တာ ဝင်းမြင့် ကလည်း ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် တိုးချဲ့တပ်ဆင်ထားသည့် စက်ပစ္စည်းများ အတွက် လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိရန် ဆပ်ကော်မတီများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ပင်မအဆောက်အအုံနှင့် တိုးချဲ့ (၅) ထပ်ဆောင်သို့ လူနာများ ပြောင်းရွှေ့ နေရာချထားမှု၊ စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တက်ရောက်ကုသမှု ခံယူနေကြသည့် လူနာများနှင့် လူနာစောင့်များ၊ ဆရာဆရာမများအား နှုတ်ဆက်အားပေးစကားပြောကြားသည်။

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office