You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၂၉

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင်  အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ မြေသယံဇာတများကို စနစ်တကျစီမံခန့်ခွဲအသုံးချရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ရည်ရွယ်ပြီး အမျိုးသားမြေအရင်းအမြစ် စီမံ ခန့်ခွဲရေး ဗဟိုကော်မတီကို လုပ်ငန်းတာဝန် (၁၇) ရပ် သတ်မှတ်ကာ ဖွဲ့စည်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ရှေ့လုပ်ငန်းစဉ် (၃)ရပ်အနက် ပထမလုပ်ငန်းစဉ်ဖြစ်သည့် ရေရှည်တည်တံ့သော အနာဂတ်အခြေခံ အုတ်မြစ် ဖြစ်တည် စေမည့် မြေအရင်းအမြစ် စီမံခန့်ခွဲမှုမူဝါဒဆိုင်ရာ အခြေခံမူများကို အများပါဝင်မှုဖြင့် ချမှတ်နိုင်ရန်အတွက် မြေအသုံးချမှု မူဝါဒသုံးသပ်ရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်ပြီး မူဝါဒရေးဆွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း။ မူဝါဒ(မူကြမ်း)ကို ပြည်သူအားလုံး ပါဝင်ဆွေးနွေး အကြံပြုနိုင်စေရန် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အကြံပြုဆွေးနွေးပွဲ (၁၇) ကြိမ် ကျင်းပခြင်း၊ ရရှိလာသည့် ပြည်သူများ၏ အကြံပြုချက်များကို မူဝါဒတွင် ထည့်သွင်း ရေးဆွဲနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲများ ကျင်းပ၍ မူဝါဒမူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

ဒုတိယလုပ်ငန်းစဉ်အဖြစ် မြေစီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်နေသော အစိုးရဌာန အဖွဲ့အစည်းများမှ ပြဋ္ဌာန်းကျင့်သုံးနေသော ဥပဒေများသည် အမျိုးမျိုးအဖုံဖုံ ကွဲပြား နေသဖြင့် မြေနှင့်ဆက်စပ်သည့်ဥပဒေများ သဟဇာတဖြစ်စေရန် အမျိုးသားမြေအရင်း အမြစ် ဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ပြီး မြေနှင့် ဆက်စပ်နေသော လက်ရှိဥပဒေများအတွက် ထီးရိပ်ဥပဒေအဖြစ် အမျိုးသားမြေအရင်းအမြစ် ဥပဒေ ရေဆွဲခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တတိယလုပ်ငန်းစဉ်ဖြစ်သည့် ပြည်သူကိုဗဟိုပြု ဖွံ့ဖြိုးမှုရလဒ်များ ဖော်ဆောင်ရေးကို ရှေးရှုသော စမ်းသပ်စီမံချက်များ ချမှတ်အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်အတွက် မြေအရင်းအမြစ် စီမံကိန်းနှင့် စီမံချက်များ ညှိနှိုင်းအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်၍ ညှိနှိုင်းအစည်းအဝေးပွဲများကျင်းပခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် USAID၊ EU၊ ဆွစ်ဇာလန်နိုင်ငံမှ SDC အဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေးပြီး Landuse Classification Map ထုတ်လုပ်ခြင်းနှင့် One Map Myanmar Project ရှေ့ပြေးစမ်းသပ်စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း။

 

မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် သက်တမ်းကာလအတွင်း  နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခေတ်စနစ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) များ ရေးဆွဲ အကောင်အထည်ဖော်ခဲ့ရာ မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေး (Land Reform) လည်း အပါအဝင်ဖြစ်ပါကြောင်း။

 

ကောင်းမွန်သည့် မြေစီမံခန့်ခွဲမှုစနစ်တစ်ရပ် အကောင်အထည်ဖေါ်ရန် မြေအသုံးပြုသူ များ၏ လိုအင်ဆန္ဒများကို ဆန်းစစ်ခြင်း၊ အုပ်ချုပ်မှုအဖွဲ့အစည်းနှင့် ဥပဒေရေးရာ မူဘောင် Institution and Legal Framework များ အားကောင်းစေခြင်း၊ မြေ အသုံးပြုခွင့်ဆိုင်ရာ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များအား ပွင့်လင်းမြင်သာစွာ စီရင် ဆုံးဖြတ်ခြင်း၊ မြေစီမံခန့်ခွဲမှုအတွက် သတင်းအချက်အလက်နှင့် မြေပုံနယ်နိမိတ်များ တိကျခိုင်မာစေခြင်း၊ အခွန်နှင့်ဘဏ္ဍာရေး စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ စနစ်တကျ သတ်မှတ်ခြင်း၊ ပြည်သူလူထုအတွင်း မြေအသုံးချမှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်းတို့ကို  ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ကော်မတီအနေဖြင့် လက်ရှိမြေယာ စီမံအုပ်ချုပ်မှုအခြေအနေများ လေ့လာ သုံးသပ်နိုင်ရန် ကမ္ဘာ့ဘဏ်အဖွဲ့၏အကူအညီဖြင့် မြေယာစီမံအုပ်ချုပ်မှု ဆန်းစစ်အကဲဖြတ် မူဘောင် (Land Governance Assessment Framework)-LGAF ရေးဆွဲရန် နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင်များ နှင့်  ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ LGAF ဆိုသည်မှာ မြေယာစီမံအုပ်ချုပ်မှု အခြေအနေများကို ဒေသဆိုင်ရာအချက်အလက်များနှင့် ကျွမ်းကျင်မှု နယ်ပယ်အလိုက် ကိုယ်စားပြုမှုနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် လေ့လာ ဆန်းစစ်ခြင်း ဖြစ်ပါကြောင်း။

 

LGAF သည် မြေယာစီမံအုပ်ချုပ်မှု ဆန်းစစ်အကဲဖြတ်ရာမှာ အများလက်ခံသည့် နိုင်ငံတကာ ကျင့်ထုံးနည်းစဉ် တစ်ခုဖြစ်ပါကြောင်း။ မြေယာစီမံအုပ်ချုပ်မှု ဆန်းစစ်ရာမှာ မြေယာအခွင့်အရေးနှင့် မြေအသုံးချမှုတို့ကို အသိအမှတ်ပြုခြင်း၊ အများပိုင်မြေမှ ပုဂ္ဂလိကပိုင်မြေအဖြစ်သို့ လွှဲပြောင်းခွင့် နည်းလမ်းများနှင့် မြေသတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ မြေတန်ဖိုးသတ်မှတ်ခြင်း နှင့် အခွန်အခစည်းကြပ်ခြင်း၊ မြေယာအငြင်းပွား မှုများဖြေရှင်းခြင်း၊ မူဝါဒနှင့် ဌာနအဖွဲ့အစည်းများအား သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ကြ ခြင်းဖြစ်ပါကြောင်း။

 

ထို့ကြောင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်မည့်ဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။

 

ထို့အပြင် မြေအသုံးချမှုမူဝါဒ သုံးသပ်ရေးလုပ်ငန်းကော်မတီမှ ရေးဆွဲပြုစုထားသည့် အမျိုးသားမြေအသုံးချမှုမူဝါဒ (အပြီးသတ်မူကြမ်း) ကို  ယခုအစည်းအဝေးမှ အတည်ပြု ပေးရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက  အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အစီရင်ခံစာများ ပြုစုထားမှုအခြေအနေကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝင်းထွန်းနှင့် ဗဟိုကော်မတီဝင်များက မြေအမျိုးအစား ခွဲခြားမှု၊ လယ်ယာမြေ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှု၊ မြေအရင်းအမြစ် အသုံးချရေး ဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ် မြေအသုံးပြုရေးဆိုင်ရာကိစ္စများ၊ အမျိုးသား မြေအရင်း အမြစ် ဥပဒေ ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ One Map Myanmar Project ရှေ့ပြေး စမ်းသပ် စီမံကိန်းဆောင်ရွက်နေမှုကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office