You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၅) အစည်းအဝေးသို့ တက်ရောက်

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၅) အစည်းအဝေးသို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် မေ ၆

အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၅) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတာဝန်ရှိသူများ၊ Development Partners များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဆိုင်ရာ အမျိုးသားအဆင့် စီမံချက်ကြီး (၃) ခုဖြစ်သည့် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်း ရေးဆွဲသည့် အမျိုးသားစွမ်းအင်စီမံချက်၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းရေးဆွဲသည့် အမျိုးသား လျှပ်စစ်ဓာတ်အားစီမံချက်၊ ကမ္ဘာ့ဘဏ် အုပ်စုနှင့် ပူးပေါင်းရေးဆွဲသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်များကို တာဝန်ခံ ဝန်ကြီးဌာနများနှင့် ကျွမ်းကျင်ပညာရှင်များက အသေးစိတ်လေ့လာသုံးသပ်ပြီး အတည်ပြုသွားရန်ဖြစ်ပါကြောင်း၊ စီမံချက်များရေးဆွဲရာတွင် အခြေပြုတွက်ချက်ထားသည့် စာရင်းအင်းကိန်းဂဏန်းများ၏ ယုံကြည်စိတ်ချရမှုနှင့် အရည်အသွေး ပြည့်မီမှုကိုလည်း အလေးထား ဆန်းစစ်ရမှာ ဖြစ်ပါကြောင်း၊ လက်ငင်းလတ်တလော တွေ့ကြုံနေရသည့် စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြေရှင်းပေးရင်း အနာဂတ်အတွက် ခိုင်မာသည့် အခြေခံကောင်းများ ဖန်တီးပေးရန် ဖြစ်ပါကြောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ပြန်ပြည့်မြဲစွမ်းအင်၊ ကျောက်မီးသွေးစသည့် အခြေခံစွမ်းအင် အရင်းအမြစ် များကို ဖြစ်နိုင်ခြေအရှိဆုံးနှင့် အကောင်းဆုံးပေါင်းစပ်မှုကို ပြုလုပ်ရာတွင် စွမ်းအင်လုံခြုံမှု၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး ပတ်ဝန်းကျင် အကျိုး သက်ရောက်မှုများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်း ပေါင်းစပ်မှု အားကောင်းသည့် စွမ်းအင်မူဝါဒနှင့် စီမံချက်များအဖြစ် တာဝန်ခံနိုင်ရေးအတွက် သင့်တော်ကောင်းမွန်သည့် ဖွဲ့စည်းမှုများ ပြုလုပ်သွားရန် ဖြစ်ပါကြောင်း၊ စွမ်းအင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရေရှည်တည်တံ့ခိုင်မြဲမည့် ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များ၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို အားပေး မြှင့်တင်နိုင်မည့် အစိုးရ-ပုဂ္ဂလိက မိတ်ဖက် ဆောင်ရွက်မှု မူဘောင်များကို ခိုင်မာစွာ ပြဋ္ဌာန်းပေးရန် လိုပါကြောင်း။

 

စွမ်းအင်စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ကာကွယ်မှု အစီအမံများကို ချမှတ်ပြီး လိုက်နာကျင့်သုံးသွားစေရေး ကြပ်မတ် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အမျိုးသားဖွံ့ဖြိုး တိုးတက်မှုလုပ်ဆောင်ချက်နှင့် မဟာဗျူဟာများတွင် အချိတ်အဆက်မိမိ ပေါင်းစည်းပေးသွားရန် အရေးကြီးပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က စွမ်းအင်စီမံခန့် ခွဲမှုကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ ဖြစ်သည့် ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် ရေးဆွဲခြင်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းထွန်း၊ ဦးမောင်မြင့်၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာ ကိုကိုဦး၊ ဒုတိယဝန်ကြီး ဦးခင်ဇော် တို့က သက်ဆိုင်ရာဌာနအလိုက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ စသည့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်နေသော စီမံချက်များ၊ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ရေးဆွဲခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ မစ္စတာချောင်ချီနိက မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုရေးဆွဲလျက်ရှိသည့် ကာလရှည် စွမ်းအင် ဆိုင်ရာ ပင်မစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့မှ တာဝန်ရှိသူများက စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်၊ ADB ဘဏ်မှ အကြံပေး ပုဂ္ဂိုလ် ဦးစိုးမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာပြန်ပြည့်မြဲစွမ်းအင်အသင်း အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်တို့က အနာဂတ် စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် အတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့သည်။

 

ယင်းနောက် အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ကော်မတီအနေဖြင့် ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office