You are here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် မေ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လည်း တက်ရောက်သည်။

 

တွေ့ဆုံစဉ် ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့တွင် ဖြစ်ပေါ်နေသော ရွှေ့ပြောင်း အခြေချ လိုသူများ၊ ပင်လယ်တွင်း လှေစီးဒုက္ခသည်များကို လူသားချင်း စာနာစောင့်ရှောက် ကူညီပေးရေး၊ လူမှောင်ခိုမှု၊ လူကုန်ကူးမှုများ တားဆီးနှိမ်နင်းရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office