You are here

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလဒ်များမှ ဖော်ထုတ်ရရှိခဲ့သော သန်းခေါင်စာရင်းမှ ညွှန်းဆိုသည့် မြန်မာ့ ပုံရိပ် အကျဉ်းချုပ်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလဒ်များမှ ဖော်ထုတ်ရရှိခဲ့သော သန်းခေါင်စာရင်းမှ ညွှန်းဆိုသည့် မြန်မာ့ ပုံရိပ် အကျဉ်းချုပ်

Printer-friendly versionSend by email

လူဦးရေဆိုင်ရာဝိသေသလက္ခဏဏာများ

 

-

သန်းခေါင်စာရင်းမှကောက်ယူရရှိသော မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ ၅၁ ဒသမ ၄၉ သန်း၊

 

-

၎င်းအနက် အမျိုးသားဦးရေ ၂၄ ဒသမ ၈၂ သန်း၊

 

-

အမျိုးသမီးဦးရေ ၂၆ ဒသမ ၆၆ သန်း၊

 

-

အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းပိုများ၊

 

-

အမျိုးသမီးဦးရေသည် စုစုပေါင်းလူဦးရေ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်း။

-

အဆိုပါစာရင်းများမှာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက်ယူနိုင်ခဲ့သော ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသအချို့အတွက် ခန့်မှန်း လူဦးရေ ၁ ဒသမ ၂၀ သန်းထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။

-

မြန်မာနိုင်ငံ၏ လူဦးရေ ကျား/မ အချိုးမှာ ၉၃ ဖြစ်ပါသည်။ အမျိုးသမီး ဦးရေ ၁၀၀ တွင် အမျိုးသားဦးရေ ၉၃ ယောက်ဖြစ်သည်။ ကချင်ပြည်နယ်တွင် အမျိုးသမီး ၁၀၀ တွင် အမျိုးသား ၁၀၈ ယောက်ရှိပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသား ဦးရေနှင့် အမျိုးသမီးဦးရေ အချိုးတူညီမှုရှိသည်။

-

လူဦးရေအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၁၄ ရာခိုင်နှုန်းနှင့် လူဦးရေအနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်၍ သုည ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည်။

-

မြန်မာနိုင်ငံလူဦးရေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ခန့်မှန်း လူဦးရေ ၆၁၅ သန်းတွင် ၈ ဒသမ ၄ ရာခိုင်နှုန်းပါဝင်ပြီး လူဦးရေ အရွယ်အစားသည် အာဆီယံ ဒေသအတွင်း အဆင့်(၅) နေရာတွင်ရှိသည်။

-

လူဦးရေသိပ်သည်းဆအနေဖြင့် ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦး နေထိုင်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ၁ စတုရန်းကီလိုမီတာ၌ ၇၁၆ ဦး နေထိုင်ပြီး ချင်းပြည်နယ်တွင် ၁၃ ဦးသာ နေသည်။

-

ကျေးလက်၊ မြို့ပြ အချိုးအနေဖြင့် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။

-

ရန်ကုန်တိုင်းဒေသကြီးတွင် ၇၀ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၈၆ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြသည်။

-

လူဦးရေတိုးနှုန်းအနေဖြင့် သုည ဒသမ ၈၉ ရာခိုင်နှုန်းရှိသည်။

-

မြန်မာနိုင်ငံ၏လူဦးရေအား လူဦးရေပိရမစ်ရေးဆွဲရာတွင် အိုးပုံပိရမစ် ဖြစ်ပေါ် လျက်ရှိသည်။ လူဦးရေ ပိရမစ်အရ မြန်မာနိုင်ငံတွင် မွေးဖွားနှုန်း ကျဆင်းနေခြင်း၊ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားဖြစ်သော (၁၅) နှစ်မှ (၆၄) နှစ်အကြား လူဦးရေ များပြားနေခြင်း ကြောင့် လူဦးရေဆုလာဘ် (Population Bonus) ရရှိနေသည်ကို တွေ့ရှိရသည်။

 

အလုပ်လုပ်နိုင်သော ဦးရေများပြားနေခြင်းသည် နိုင်ငံအတွက် အလားအလား ကောင်းများ ဖြစ်ပေါ်နေသည်ဟု ဆိုရမည်ဖြစ်ပြီး ၎င်းအကျိုးကျေးဇူးမှာ နောင် နှစ်ပေါင်း ၂၀ ခန့်အထိ ဆက်လက်အကျိုးခံစားနေရမည် ဖြစ်ပါသည်။ ၎င်းနောက်ပိုင်းတွင် သက်ကြီးရွယ်အိုများ များပြားလာပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းများအား အလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။

-

၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကာလများတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် လူငယ်များစွာ ပါဝင်သည့်အတွက် လူဦးရေပိရမစ်များသည် အောက်ခြေကားသည့် ပုံစံဖြစ်ပြီး ၂၀၁၄ ခုနှစ် လူဦးရေပိရမစ်သည် အိုးပုံစံဖြစ်သဖြင့် နှစ် (၄၀) ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေဖွဲ့စည်းမှုပုံစံ သိသာစွာ ပြောင်းလဲခဲ့သည်။                                             

-

အသက်အရွယ်အချိုးအစားအလိုက် အသက် (၁၅) နှစ်အောက် အုပ်စုတွင် အမျိုးသား ဦးရေသည် အမျိုးသမီးဦးရေထက်ပိုမိုများပြားပြီး အသက် (၁၅) နှစ် အထက်တွင် အမျိုးသားဦးရေအချိုး စတင်ကျဆင်းလာကြောင်း သိရသည်။

-

မှီခိုသူအချိုးအနေဖြင့် မြန်မာနိုင်ငံတွင် မှီခိုသူများဖြစ်သော အသက် (၁၅) နှစ်အောက် ကလေးများနှင့် အသက် (၆၅) နှစ်အထက်သက်ကြီးရွယ်အိုများ အချိုး ကျဆင်း လျက်ရှိသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းမှီခိုမှုအချိုးသည် ၅၂ ဒသမ ၅ ဖြစ်သည်။

-

အိမ်ထောင်စုအကြောင်းအရာများတွင် နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူ ခဲ့သော ၁၉၈၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၄ ခုနှစ်အတွင်း အိမ်ထောင်စု အရေအတွက် ၆၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရှိရသည်။ ၁၉၈၃ ခုနှစ်တွင် အိမ်ထောင်စု ၆၄၉၅၆၂၁ စုရှိပြီး ၂၀၁၄ ခုနှစ်တွင် အိမ်ထောင်စု ၁၀၈၇၇၈၃၂ စုအထိ တိုးတက်လာခဲ့သည်။

-

ပျမ်းမျှအိမ်ထောင်စုအရွယ်အစားအနေဖြင့် ၄ ဒသမ ၄ ဦးရှိသည်။ ယေဘုယျ အားဖြင့် အိမ်ထောင်စုတစ်ခုတွင် လူလေးယောက်ကျော်ခန့်ရှိကာ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင် ပျမ်းမျှအိမ်ထောင်စုအရွယ်အစား ၅ ဒသမ ၁ ဦးဖြင့် အများဆုံးဖြစ်ပြီး မကွေး၊ ဧရာဝတီနှင့်နေပြည်တော်တို့တွင် ၄ ဒသမ ၁ ဦးဖြင့် အနည်းဆုံးဖြစ်သည်။

-

အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းခန့်သည် လူဦးရေ နှစ်ဦးမှ ငါးဦးအကြားတွင် ရှိကြသည်။

လူမှုရေးဆိုင်ရာဝိသေသလက္ခဏာများ

-

အိမ်ထောင်ရှိသူ အမျိုးသား အချိုးသည် အိမ်ထောင်ရှိသူ အမျိုးသမီး အချိုးထက် ပိုမိုများပြားသည်။ အိမ်ထောင်မပြုသည့် အမျိုးသမီးများစွာ ရှိနေပြီး မုဆိုးမ အချိုးမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး မုဆိုးဖို အချိုးမှာ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။

-

အမျိုးသမီးများသည် အမျိုးသားများထက်စော၍ မုဆိုးမဖြစ်ကြပြီး မုဆိုးဖို၊ မုဆိုးမ အဖြစ် ရောက်ရှိသည့် အသက်သည် အမျိုးသမီးများအတွက် အသက် (၃၅) နှစ်မှ အသက် (၄၀) နှစ်အတွင်း ဖြစ်ပြီး အမျိုးသားများအတွက် အသက် (၅၅) နှစ် ဖြစ်သည်။ အိမ်ထောင်ရှိ အမျိုးသမီး အချိုးသည် အသက် (၃၅) နှစ်မှ (၃၉) နှစ်ကြားတွင် အမြင့်ဆုံးဖြစ်ပြီး အိမ်ထောင်ရှိသူ အမျိုးသားအချိုးသည် အသက် (၄၅) နှစ်မှ (၄၉) နှစ်ကြားတွင် အမြင့်ဆုံး ဖြစ်သည်။ 

ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကိစ္စရပ်များ

-

ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်းတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ရွှေ့ပြောင်းသွားလာကြသည်။ အမျိုးသမီး အများစုမှာ မိသားစုနောက် လိုက်ပါရန် ပြောင်းရွှေ့ကြခြင်းဖြစ်ပြီး အမျိုးသားများကမူ အလုပ်ကြောင့် (သို့) အလုပ်ရှာရန် အတွက် ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။

-

ပြည်ပရွှေ့ပြောင်းသွားလာခြင်းတွင် နိုင်ငံခြားသို့ ရောက်နေသော အိမ်ထောင်စုဝင် များ၏ ၆၁ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ကြသည်။ နိုင်ငံခြားသို့ ရောက်နေ သော အိမ်ထောင်စုဝင် အများစုသည် မွန်၊ ကရင်၊ ရှမ်းပြည်နယ် တို့မှဖြစ်သည်။

-

နိုင်ငံခြားသို့ ရောက်နေသောသူ အများစုမှာ အသက် (၁၅) နှစ်မှ (၃၉) အတွင်း လူငယ်လူရွယ်များ ဖြစ်ကြသည်။          

-

နိုင်ငံခြားသို့ ရောက်နေသော (၇၀) ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံတွင် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။

ပညာရေးအခြေအနေ

-

အသက်(၁၀) နှစ်အထက်စာတတ်မြောက်မှု ရာခိုင်နှုန်းမှာ ၉၀ ဒသမ ၂ ဖြစ်၍ အသက်(၁၅) နှစ်နှင့် အထက်စာတတ်မြောက်မှု ရာခိုင်နှုန်းသည် ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်၍ ၉၇ ရာခိုင်နှုန်းဖြစ်သည်။ ရှမ်းပြည်နယ်သည် ၆၅ ရာခိုင်နှုန်းဖြစ်၍ အနိမ့်ဆုံးဖြစ်သည်။

-

အမျိုးသား စာတတ်မြောက်မှု ရာခိုင်နှုန်းမှာ အမျိုးသမီး စာတတ်မြောက်မှု ရာခိုင်နှုန်းထက် ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။

-

မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု ရာခိုင်နှုန်းသည် အာဆီယံနိုင်ငံများ၏ ပျမ်းမျှ စာတတ်မြောက်မှု ရာခိုင်နှုန်းနှင့်တူညီမှုရှိသည်။

-

အသက် (၅) နှစ်မှ (၂၉) နှစ်အတွင်း ကျောင်းတက်နေသူ အမျိုးသားနှင့် အမျိုးသမီး အချိုး တူညီပြီး ကျောင်းတက်ရောက် ပညာသင်ကြားမှုတွင် ကျား/မ ခွဲခြားမှုမရှိကြောင်း တွေ့ရှိရသည်။

စီးပွားရေးဆိုင်ရာဝိသေသလက္ခဏာများ                       

-

မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သော အသက်အရွယ်ဖြစ်သည့် အသက် (၁၅) နှစ်နှင့် (၆၄) နှစ်ကြား လူဦးရေ၏ ၆၇ ရာခိုင်နှုန်းသည် လုပ်သား အင်အားစုတွင် ပါဝင်သည်။

-

အလုပ်အကိုင် ရရှိမှုနှင့် လူဦးရေ အချိုးမှာ ၆၄ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်။

-

အလုပ်လုပ်နိုင်သောလူဦးရေ၏ ၄ ရာခိုင်နှုန်းသည်အလုပ်လက်မဲ့များ ဖြစ်ပြီး အထူးသဖြင့် အသက်(၁၅)နှစ်နှင့် (၂၉)နှစ်ကြားလူငယ်လူရွယ်များ အတွင်း အလုပ်လက်မဲ့ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိ၍နိုင်ငံ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းထက် ပိုမိုများပြားလျက်ရှိသည်။

မွေးဖွားခြင်းဆိုင်ရာ ကိစ္စရပ်များ                                   

-

အမျိုးသမီးတစ်ဦး၏ စုစုပေါင်းကလေးမွေးနှုန်း (Total Fertility Rate -TFR) သည် ၂ ဒသမ ၃ ဖြစ်၍ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတစ်ဦး၏ စုစုပေါင်း ကလေး မွေးနှုန်းမှာ ၄ ဒသမ ၀၃ ဖြစ်သည်။

-

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးတစ်ဦး၏ စုစုပေါင်းကလေးမွေးနှုန်းသည် အရှေ့တောင် အာရှနိုင်ငံများ၏ ကလေးမွေးနှုန်းနှင့် တူညီသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ ပျမ်းမျှ စုစုပေါင်း ကလေးမွေးနှုန်းသည် ၂ ဒသမ ၅ ဖြစ်ပြီး မြန်မာနိုင်ငံ၏ပျမ်းမျှစုစုပေါင်း ကလေးမွေးနှုန်းသည် ၂ ဒသမ ၃ ဖြစ်သည်။

-

မွေးနှုန်းအများဆုံးသည် ချင်းပြည်နယ်ဖြစ်ပြီး ၄ ဒသမ ၃၄ ရှိ၍ မွေးနှုန်း အနည်းဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ၁ ဒသမ ၇၁ ဖြစ်သည်။

-

အသက် (၁၅) နှစ်မှ (၄၉) နှစ်အတွင်းရှိ အမျိုးသမီးများ၏ ကလေးမွေးနှုန်းသည် မြို့ပြထက် ကျေးလက်တွင် ပိုမိုမြင့်မားသည်။

သေဆုံးခြင်းအကြောင်းအရာများ                         

-

နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ ဒသမ ၈ နှစ်ဖြစ်သည်။ မျှော်မှန်း သက်တမ်း အမြင့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး ၇၁ ဒသမ ၇ နှစ်ဖြစ်၍ မျှော်မှန်းသက်တမ်း အနိမ့်ဆုံးမှာ မကွေးတိုင်းဒေသကြီး ၆၀ ဒသမ ၆ နှစ်ဖြစ်သည်။

-

တစ်နှစ်အောက်ကလေးသေနှုန်း (Infant Mortality Rate -IMR) သည် အရှင် မွေးကလေး ၁၀၀၀ တွင် ၆၂ ဦးဖြစ်ပြီး ငါးနှစ်အောက် ကလေးသေနှုန်း (Under 5 Mortality Rate - U5MR) သည် အရှင်မွေးကလေး ၁၀၀၀ တွင် ၇၂ ဦးဖြစ်သည်။

-

တစ်နှစ်အောက်ကလေးသေနှုန်းအမြင့်ဆုံးမှာ မကွေးတိုင်းဒေသကြီး ဖြစ်ပြီး အနိမ့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်သည်။ ငါးနှစ်အောက်ကလေး သေနှုန်းအမြင့်ဆုံးမှာ မကွေးတိုင်း ဒေသကြီးဖြစ်ပြီး အနိမ့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်သည်။

နိုင်ငံ၏မသန်စွမ်းမှုအခြေအနေ                  

-

နိုင်ငံတွင်မသန်စွမ်းရာခိုင်နှုန်း ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

-

မသန်စွမ်းရာခိုင်နှုန်းသည် အသက် (၄၀) အရွယ်တွင် စတင်မြင့်တက်ပြီး အသက် (၆၅) နှစ်အထက်တွင် သိသာထင်ရှားစွာ မြင့်တက်လာသည်။

-

ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မသန်စွမ်းမှုရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ပြီး မသန်စွမ်းမှုရာခိုင်နှုန်းအနိမ့်ဆုံးမှာ နေပြည်တော်ဖြစ်သည်။

-

မသန်စွမ်းမှု အမျိုးအစားများအနက် အမြင့်ဆုံးမှာ အမြင်အာရုံ မသန်စွမ်းမှု ဖြစ်သည်။

အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ သုံးစွဲမှု အခြေအနေ               

-

နိုင်ငံတစ်ဝန်း အိမ်ပိုင်ဆိုင်မှု (၈၆)ရာခိုင်နှုန်း၊ အိမ်ငှား (၇) ရာခိုင်နှုန်း၊ အစိုးရ ဝန်ထမ်း အိမ်ရာတွင် နေထိုင်သူ(၃) ရာခိုင်နှုန်းရှိသည်။ အိမ်ပိုင်ဆိုင်သူ များမှာ သစ်အိမ်၊ ဝါးအိမ်ဖြင့် နေအိမ်ပိုင်ဆိုင်ထားသူများကိုပါ ထည့်သွင်း တွက်ချက် ထားသည်။

-

နေအိမ်အားလုံး၏ (၇၉) ရာခိုင်နှုန်းခန့်သည် သစ်(သို့)ဝါးဖြင့် ဆောက်လုပ် ထားကြသည်။

-

အိမ်ထောင်စု (၃၂)ရာခိုင်နှုန်းသည် အလင်းရောင်အတွက် လျှပ်စစ်မီးကို အသုံးပြုကြပြီး မြို့ပြတွင် လျှပ်စစ်မီးသုံးသော အိမ်ထောင်စုမှာ(၇၈) ရာခိုင်နှုန်း၊ ကျေးလက်တွင် လျှပ်စစ်မီး သုံးသော အိမ်ထောင်စု(၁၅) ရာခိုင်နှုန်းသာရှိသည်။

-

အလင်းရောင်အတွက် လျှပ်စစ်မီးအသုံးပြုသော အိမ်ထောင်စုများတွင် အမြင့်ဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး (၆၉) ရာခိုင်နှုန်းသုံးစွဲ၍ အနိမ့်ဆုံးမှာ တနင်္သာရီတိုင်း ဒေသကြီးဖြစ်ပြီး (၈) ရာခိုင်နှုန်းသာသုံးစွဲသည်။             

-

အိမ်ထောင်စု (၈၁) ရာခိုင်နှုန်းသည်အစားအစာချက်ပြုတ်စားသောက်ရန်အတွက် သစ်သား၊ ထင်းနှင့် ဆက်စပ်လောင်စာများကို အသုံးပြုကြသည်။

-

အိမ်ထောင်စု (၃၁) ရာခိုင်နှုန်းခန့်သည် သောက်ရေအတွက် အဓိက အရင်းအမြစ်မှာ အဝီစိတွင်း ဖြစ်ပြီး မြို့ပြအိမ်ထောင်စု (၃၁)ရာခိုင်နှုန်းသည် ရေသန့်စက်၊ ရေသန့်ဘူးကို အသုံးပြုသည်။

-

အိမ်ထောင်စု(၇၀)ရာခိုင်နှုန်းခန့်သည် သောက်ရေအတွက် ရေကောင်း၊ ရေသန့်ကို အသုံးပြုကြသည်။

-

အိမ်ထောင်စု (၇၄) ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသော ယင်လုံအိမ်သာကို ဆောက်လုပ်သုံးစွဲကြသည်။

-

အိမ်သာမရှိသော အိမ်ထောင်စု (၁၄) ရာခိုင်နှုန်းရှိသည်။

ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများသုံးစွဲမှု

-

အိမ်ထောင်စု(၅၀)ရာခိုင်နှုန်းသည် ရုပ်မြင်သံကြားစက်ရှိကြသည်။ 

-

(၃၃) ရာခိုင်နှုန်းသည် လက်ကိုင်ဖုန်းရှိကြသည်။

-

အိမ်ထောင်စု (၃၉) ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ်ရှိကြပြီး မော်တော် ဆိုင်ကယ်နှင့် လျှပ်စစ်စက်ဘီးရှိသောအိမ်ထောင်စုများအနက် (၇၀ ဒသမ ၂) ရာခိုင်နှုန်းသည် ကျေးလက်မှဖြစ်ပြီး (၂၉ ဒသမ ၈) ရာခိုင်နှုန်းသည် မြို့ပြမှ ဖြစ်သည်။    

-

သန်းခေါင်စာရင်းရလဒ်များနှင့်ပတ်သက်၍ ဖော်ပြသတ်မှတ်ထားသော Online Website များတွင် ရှာဖွေကြည့်ရှုနိုင်ပြီး ပုံနှိပ်ထားသော စာအုပ်စာတမ်းများအား တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များသို့လည်း ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

-

သန်းခေါင်စာရင်း လုပ်ငန်းတွင် ဂဏန်းသင်္ကေတ ကုတ်နံပါတ်များ အသစ် ရေးသွင်း နေရသော အလုပ်အကိုင်၊ လုပ်ငန်းတို့နှင့် အရေအတွက် များပြားလွန်းသော လူမျိုး အမည်များကို သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပြန်လည်ညှိနှိုင်း အတည်ပြုရန် လုပ်ငန်းစဉ်များရှိနေသဖြင့် အလုပ်အကိုင်၊ လုပ်ငန်း၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာတို့အား ၂၀၁၆ ခုနှစ်အတွင်းတွင် ထုတ်ပြန်ကြေညာ ပေးနိုင်မည် ဖြစ်သည်။

 

         

         

         

         

        

www.president-office.gov.mm
This is the official website of Myanmar President Office