You are here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၅

၂၀၁၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC 2) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကားပြောကြား သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် မစ္စရီနာတာလော့ခ်ဒပ်စ္စလီယန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ ဆောင်ပုဒ်တွင်ပါသည့် လူသား သန်း (၇၀၀၀) ၏ အဓိကကျသည့် မျှော်မှန်းချက် များဖြစ်သည့် အစာအာဟာရ လုံလောက်စွာရရှိရန်နှင့် စိုက်ပျိုးရေးကို မြှင့်တင်ရန်၊ အရည်အသွေးရှိသည့် ပညာရေးကို ဖော်ဆောင်ရန်၊ သန့်ရှင်းသည့်ရေ လုံလောက်စွာ ရရှိရန်၊ ထုတ်လုပ်မှုနှင့် စားသုံးမှုပုံသဏ္ဍာန်များကို ရေရှည်မျှော်ကိုးပြီး ကောင်းမွန်သော အလေ့အကျင့်များ ကျင့်ကြံရန်၊ ငြိမ်းချမ်းပြီး အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရန် စသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များကို ယခု လာမည့် စက်တင်ဘာလတွင်ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အပြီးသတ် ချမှတ်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ယခုနှစ် ဒီဇင်ဘာလအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ကို ချမှတ်သွားမည်ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်သည် သဘာဝ ပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ လူသားများအားလုံး သယံဇာတများ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်နှင့် မူလဂေဟစနစ် ရေရှည်တည်တံ့စေမှုကို ထိခိုက်မှုမရှိစေရန် တစ်ဦးချင်း၏ နေထိုင်မှု အမူအကျင့်များကို အခြေခံကျကျ ပြောင်းလဲသွားကြရမည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရန်၊ မရရန်ဆိုသည်မှာ မိမိတို့ လူသားများ၏ အပြုအမူများနှင့် လုပ်ဆောင်ချက်များအပေါ် အဓိက တည်မှီနေခြင်းကြောင့် ဖြစ်ပါကြောင်း။

 

မိမိတို့အားလုံး အထူးသတိပြုရမည့် အချက်တစ်ချက်မှာ ကမ္ဘာ့လူဦးရေ တစ်နေ့တခြား တိုးတက်လာခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေသည် သန်း (၇၀၀၀) ရှိနေပြီး ၂၀၅၀ ခုနှစ်တွင် သန်း (၉၆၀၀) အထိ တိုးလာမည်ဟု  ခန့်မှန်းထား ပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ၁၉၉၀ ခုနှစ်က လူဦးရေသန်း (၄၀)ကျော်ခန့် ရှိခဲ့ရာမှ ယခုအခါ လူဦးရေ (၅၁ ဒသမ ၄) သန်းကျော်အထိ တိုးတက်လာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာ၊ လူ့အသုံးအဆောင်၊ သယံဇာတများ ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံအားလုံး၏ အဓိက စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်ကို မိမိတို့ ငြင်း၍ မရနိုင်ပါကြောင်း။

 

ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန်အတွက် နည်းပညာများ ဆန်းသစ်တီထွင်ခြင်း၊ စက်မှုလက်မှုများ ဖွံ့ဖြိုးတိုးတက် လာခြင်းတို့နှင့်အတူ  အခြားတစ်ဖက်တွင်လည်း     သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသည့်အတွက် သဘာဝသယံဇာတများ လျော့နည်းဆုံးရှုံးလာခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ ဂေဟစနစ်များပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း လာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စသည့် ပတ်ဝန်းကျင်ယိုယွင်းမှု ပြဿနာ များသည် မိမိတို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့အပြား၌ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ အထူးသဖြင့် သက်ရှိလောက တစ်ခုလုံးကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံးသော ပြဿနာမှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ပင်ဖြစ်ပါကြောင်း။

 

ယနေ့ သက်ရှိလောက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးပမ်းသည့် နေရာတွင် ကြုံတွေ့နေရသည့် ယခုကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ လေ့လာဆန်းစစ် တွေ့ရှိချက်များကို အခွင့်ကြုံ၍ ရှင်းပြရမည်ဆိုပါက ကမ္ဘာ့လူဦးရေ (၉၂၅) သန်းသည် စားနပ်ရိက္ခာ ချို့တဲ့မှု၊ သန်း (၆၀၀) ကျော်သည် သောက်သုံးရေ မရရှိမှု၊ သန်း (၃၄၀၀) ခန့်သည် ရေချိုရရှိရေး ခြိမ်းခြောက်ခံနေရမှု၊ လူဦးရေသန်း (၂၅၀၀) သည် အခြေခံ သန့်ရှင်းမှု မရှိသည့်အတွက် (၃ ဒသမ ၅) သန်းသည် ရောဂါဘယခံစားနေရမှု၊ ကမ္ဘာမြေဧရိယာ၏ ၄ ပုံ ၁ ပုံဖြစ်သည့် သစ်တောဧရိယာ၏ (၃၀) ရာခိုင်နှုန်း၊ စိုက်ပျိုးမြေဧရိယာ၏ (၂၀) ရာခိုင်နှုန်းနှင့် စားကျက် မြက်ခင်းဧရိယာ၏ (၁၀) ရာခိုင်နှုန်း သည် အဆင့်အတန်းကျဆင်းလာသည့်အတွက် ထုတ်လုပ်မှု၏ (၄) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ နှစ်စဉ်လျော့ကျနေမှု၊ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁ဝခုနှစ် အကြားတွင် နှစ်စဉ်သစ်တော ဧရိယာဟက်တာ(၁၃)သန်းဆုံးရှုံးမှု၊ ကမ္ဘာ့ရေတိမ်ဒေသ၏ (၅၀) ရာခိုင်နှုန်းဆုံးရှုံးမှု စသည့် သဘာဝသယံဇာတများ လျော့ပါးမှု ပြဿနာများနှင့် ကြုံတွေ့နေရ ကြောင်းကို ဖော်ပြထားပါကြောင်း၊ ယင်းတို့သည် လက်ရှိကမ္ဘာ့ လူဦးရေသန်း (၇၀၀၀) ၏ အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်နေသကဲ့သို့ နောင်အနာဂတ် ၂၀၅၀ ခုနှစ်တွင် ရှိလာမည့် ကမ္ဘာ့လူဦးရေသန်း (၉၆၀၀) ၏ အဓိက စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်သည်ဆိုသည်ကို ထင်ထင်ရှားရှား သိရှိနိုင်ပါကြောင်း၊ ဤကဲ့သို့ တိုးတက်လာသည့် လူဦးရေ၏ လိုအပ်ချက်များ ဖြည့်ဆည်းရန် ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲလျက် ရှိသည့် အတွက် အများစုသော ကမ္ဘာ့သဘာ၀ဂေဟစနစ် များသည် လည်း ပျက်သုဉ်းပြီး ပြန်လည် ကုစားရန် မရနိုင်သည့်အနေအထား ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ ထုတ်လုပ်စားသုံးမှု ပုံစံအတိုင်း သွားမည်ဆိုပါက  ၂၀၅၀ ခုနှစ်တွင် ကမ္ဘာသုံးခု လိုအပ် လာမည်ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UNDP) ၏ ၂၀၁၅ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ ရှင်းလင်းဖော်ပြချက်တွင် ဖော်ပြထားပါကြောင်း။

 

အလားတူ  ကမ္ဘာ့နှစ်စဉ် စားသောက်ကုန်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံဖြစ်သည့် မက်ထရစ် တန်ပေါင်း (၁ ဒသမ ၃) ဘီလီယံသည်အစားအသောက်စွန့်ပစ်ပစ္စည်းအဖြစ် ဆုံးရှုံးနေပြီး ဤပမာဏသည် တစ်ကမ္ဘာလုံးဆီထွက်သီးနှံထုတ်လုပ်မှု (၂ ဒသမ ၃) ဘီလီယံတန်၏ တစ်ဝက်ကျော်နေကြောင်းကို လွန်ခဲ့သည့် နှစ်နှစ်က ဆန်းစစ်သည့် ကိန်းဂဏန်း အချက် အလက်များအရ သိရှိရပါကြောင်း။

 

မြန်မာနိုင်ငံ၏ ရှေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဖော်ပြထားသည့်အပြင် နိုင်ငံသားတိုင်း သည်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ဖော်ပြ ထားပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေ၊ နည်းဥပဒေများအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကဏ္ဍအသီးသီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက်  အဖွဲ့များ ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသည့် သစ်တော သယံဇာတများ၊ ရေအရင်းအမြစ်များ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် တွင်းထွက် သဘာ၀ သယံဇာတ အရင်းအမြစ်များကို သုံးစွဲသည့် အခါတွင် သဘာဝပတ်ဝန်းကျင် မထိ ခိုက်စေရန်နှင့် ပြုန်းတီးမှု မရှိစေရန် ရေရှည် မျှော်ကိုးပြီး အလေးထား အကောင် အထည်ဖော် ဆောင်ရွက်သွား နိုင်ရေးအတွက် နိုင်ငံတော်၏ အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နှစ် (၂၀) စီမံကိန်းတွင်လည်း အဓိက ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်း ရေးဆွဲထားပါကြောင်း။

 

ထို့ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်သည့်အခါတွင် ပတ်ဝန်းကျင်နှင့် စီးပွားရေး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်သည့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒ၊ မြန်မာနိုင်ငံ (၂၁) ရာစုအစီအစဉ်၊ အမျိုးသားစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ဆိုင်ရာ မဟာဗျူဟာတို့ကို အခြေခံပြီး လက်ရှိဖြစ်ပေါ်နေသည့် စီးပွား ရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပတ်ဝန်းကျင် ဆိုင်ရာ မဟာဗျူဟာ မူဘောင်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းအစီအစဉ်များ၊ အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မဟာဗျူဟာမူဘောင်နှင့် လုပ်ငန်းအစီအစဉ်များ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာမူဘောင်နှင့် လုပ်ငန်းအစီအစဉ်များနှင့် မြေအသုံးချမှု ဆိုင်ရာ မူဝါဒကိုလည်း ရေးဆွဲပြဋ္ဌာန်းနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံသားတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ရေရှည်စနစ်တကျထုတ်ယူသုံးစွဲသွားနိုင်ရန်၊ ကောင်းမွန် သန့်ရှင်းသည့် ရေ၊ မြေ၊ လေ၊ ရာသီဥတုနှင့် ရေရှည်တည်တံ့သည့် ဂေဟစနစ်နှင့် ဇီ၀ မျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းများကို လက်ရှိပစ္စုပ္ပန်အတွက် သာမက နောင်အနာဂတ်မျိုးဆက်များကိုလည်း လက်ဆင့်ကမ်း အမွေပေးနိုင်ရေးကို သမိုင်းပေး တာဝန်တစ်ခုအဖြစ် မှတ်ယူပြီး ပြည်သူများအားလုံး ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 

မြန်မာနိုင်ငံမှသည် ကမ္ဘာကြီး လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်၊ အနာဂတ်မျိုးဆက်များအတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန်၊ ပတ်ဝန်းကျင်သာယာလှပပြီး ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှင် ရပ်တည်နေထိုင်သွားနိုင်ရန်အတွက် ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းများတွင် နိုးကြားတက်ကြွသည့် အသိစိတ် ကိုယ်စီဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း ပြောကြား လိုပါကြောင်း၊ ယခုကဲ့သို့ ပြည်သူများ၏ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိအမြင် ရှင်သန်ထက်မြက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာမှုများကို နိုင်ငံတော် အနေဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုကြိုဆိုပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် မစ္စ ရီနာတာ လော့ခ် ဒပ်စ္စလီယန် က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ သဝဏ်လွှာနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှု ဆောင်ညွှန်ကြားရေးမှူး မစ္စတာ အာချင်မ် စတိန်နာ၏ သဝဏ်လွှာတို့ကို ဖတ်ကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရ ဒေါ်ဝေဝေလှိုင်၊ ဒုတိယဆုရ ဦးစိန်ဝင်း (ပန်းမြိုင်လယ်စိန်ဝင်း) ၊ တတိယဆုရ ဦးစန်းအောင် (မောင်ခိုင်မာ-အထက်မင်းလှ)၊ အထူးဆုရရှိကြသည့် ဒေါ်ယုယုနိုင် (မယု-စက်မှု)၊ ဦးသူရမြင့်မောင် (ပါရမီသွေး- ဆေးပညာ) နှင့် ဒေါ်စမ်းဇမော်တို့အား ဆုများပေးအပ် ချီးမြှင့်ပေးသည်။

 

ယင်းနောက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် မစ္စ ရီနာတာ လော့ခ် ဒပ်စ္စလီယန် က ၂၀၁၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရ မစန္ဒီဟိန်းလတ်၊ ဒုတိယဆုရ မထက်ထက်လင်း၊ တတိယဆုရ ဒေါ်သက်ဝေနှင်း (မြူ)၊ အထူးဆု ရရှိကြသည့် ဦးဝင်းထွန်း၊ မဆွေကမ္ဘာအောင် (ကမ္ဘာကြီး-MECH) နှင့် မလှယမင်းကိုကိုတို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗွီဒီယိုကိုပြသပြီး နိုင်ငံတော် သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေး ကြသည်။

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office