You are here

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် ကော်မတီ၏ ဆောင်ရွက်ချက် အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် ကော်မတီ၏ ဆောင်ရွက်ချက် အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၁

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၅၈ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် ကျင်းပပြီး အစီရင်ခံစာတစ်ခု ဖတ်ကြားတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက် အပြီးသတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းထွန်းအောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ယင်းအစီရင်ခံစာ ဖတ်ကြားတင်သွင်းရာတွင် ဒုတိယဝန်ကြီးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရာ၌ နိုင်ငံတော်အတွက် အကျိုးအမြတ် ပိုမို ရရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို နိုင်ငံတကာ စံချိန် စံညွှန်း များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စာချုပ်အသစ်ကို ပြန်လည်ချုပ်ဆို နိုင်ခြင်းကြောင့် ရရှိသည့် အကျိုးအမြတ်များအပေါ် နိုင်ငံတော်မှ (၅၁) ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ၁၉ ရာခိုင်နှုန်းနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်း ရရှိကြမည် ဖြစ်သည့်အတွက် နိုင်ငံတော်အကျိုး၊ ဒေသအကျိုးအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း။

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တည်ဆောက်ရေး ကာလအတွင်း နှစ်စဉ်အမေရိကန် ဒေါ်လာတစ်သန်းကိုလည်းကောင်း၊ သတ္တုထုတ်လုပ်မှု ကာလအတွင်း နှစ်စဉ်ရရှိသည့် အကျိုးအမြတ်မှ ၂ ရာခိုင်နှုန်းကိုလည်းကောင်း၊ သတ္တုတွင်း လုပ်ငန်းများ ပိတ်သိမ်းသည့်အခါ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ သန်း နှစ်စဉ် စုဆောင်းသွားရန်ကိုလည်းကောင်း စာချုပ်အသစ်တွင် ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ကြောင်း။

 

စီမံကိန်းတည်ဆောက်မှုကာလတွင် လုပ်ငန်းခွင်အတွင်း ဒေသခံ ၁၆၇၈ ဦး၊ စီမံကိန်း ပြင်ပ မြို့နယ်များမှ ၃၃၆ ဦး အလုပ်အကိုင် ခန့်ထားပြီးဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအပေါ် ချက်ချင်း ဆောင်ရွက် နိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်း တိကျသည့် ရည်မှန်းချက်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အကြံပြုချက် ၄၂ ချက်အပေါ် ၃၇ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သဖြင့် အကြံပြုချက်များ၏ ၈၈ ဒသမ ၁၀ ရာခိုင်နှုန်းကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း စသည်ဖြင့် တင်ပြသည်။

 

ယင်းနောက် အဆိုပါ အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၊ ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးသန်းမြင့်တို့က ဆွေးနွေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က အကြောင်းအရာများနှင့် ပတ်သက်၍ အစီရင်ခံစာပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဒေသခံ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်ခဲ့သည့် အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းက လယ်ယာမြေများ လျော်ကြေးပေးမှု၊ မလိုအပ်သော လယ်ယာမြေများ ပြန်လည်ပေးအပ်မှု၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ပေးမှုနှင့် နှစ်ရှည်သီးနှံနှင့် ရေတွင်းများအား လျော်ကြေးပေးခဲ့မှုတို့ကို လည်းကောင်း အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအပြီးသတ်အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များ၏ရှင်းလင်းဆွေးနွေးချက်များကိုလွှတ်တော်တွင်မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office